Zuckerberg ကိုကျော်ဖြတ်၍ ကမ္ဘာ့စတုတ္ထ အချမ်းသာဆုံး ပုဂ္ဂိုလ် Elon Musk ဖြစ်လာ

462

 

နာမည်ကျော် အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ Tesla တည်ထောင်သူ Elon Musk သည် ကုမ္ပဏီရှယ်ယာဈေးနှုန်း မြင့်တက်လာသောကြောင့် ၎င်း၏ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၃ ဘီလျံ မြင့်တက်လာကြောင်း Forbes မဂ္ဂဇင်းက နိုဝင်ဘာ ၁၉ ရက်တွင် ဖော်ပြသည်။

ထို့ကြောင့် တောင်အာဖရိကတွင် မွေးဖွားကာ အမေရိကန်၊ ကနေဒါ၊ တောင်အာဖရိက နိုင်ငံသားအဖြစ် ခံယူထားသော အ သက် ၄၉ နှစ်အရွယ် Elon Musk သည် Facebook တည်ထောင်သူ Mark Zuckerberg ကို ကျော်ဖြတ်၍ ကမ္ဘာ့အချမ်းသာဆုံးစာရင်းတွင် စတုတ္ထနေရာသို့ ရောက်ရှိလာသည်။

Tesla ၏ ရှယ်ဈေးနှုန်းသည် နိုဝင်ဘာ ၁၈ ရက်က ၁၀ ရာခိုင်နှုန်း နီးပါးအထိ မြင့်တက်လာခဲ့ပြီး ထိုသို့မြင့်တက်လာခြင်းကြောင့် ကုမ္ပဏီ စီအီးအို Elon Musk ၏ ဘဏ္ဍာတိုက်ထဲသို့ အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် စီးဝင်သွားခဲ့သည်။

အာကာသယာဉ် တည်ဆောက်သည့် ကုမ္ပဏီ SpaceX အပါအဝင် နာမည်ကြီး နည်းပညာကုမ္ပဏီအချို့ထူထောင်ထားသူ Elon Musk ၏ ကြွယ်ဝမှုသည် အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၄ ဘီလျံအထိ ရှိလာပြီး Mark Zucker ကို ကျော်ဖြတ်ကာ ကမ္ဘာ့စတုတ္ထ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်ခဲ့သည်။

နာမည်ကျော် လူမှုကွန်ရက် Facebook ကို ပူးတွဲတည်ထောင်သူ အသက် ၃၆ နှစ်အရွယ် Mark Zuckerberg က အမေရိကန် ဒေါ်လာ ၁၀၀ ဒသမ ၆ ဘီလျံ ကြွယ်ဝသည်။

ယခုနှစ် မတ်လ ၁၈ ရက်တွင် Forbes က ထုတ်ပြန်သည့် ကမ္ဘာ့ဘီလျံနာစာရင်း၌ Elon Musk သည် အမေရိကန်ဒေါ်လာ ၇၆ ဘီလျံသာ ပိုင်ဆိုင်သေးသော်လည်း Tesla ၏ ရှယ်ယာဈေးနှုန်းက ၂၀၂၀ ပြည့်နှစ်အတွင်း ၄၆၀ ရာခိုင်နှုန်းအထိ မြင့် တက်လာခြင်းကြောင့် ကြွယ်ဝမှု ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။

Elon Musk သည် Tesla ၏ ရှယ်ယာ ၂၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ဒုံးကျည်နှင့် အာကာသကုမ္ပဏီ SpaceX ၏ ရှယ်ယာတန်ကြေးများလည်း မြင့်တက်လာခြင်းကြောင့် ရှစ်လတာအတွင်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၆ ဘီလျံကျော် ပိုမိုချမ်းသာလာခဲ့သည်။

ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်မှာ Amazon တည်ထောင်သူ Jeff Bezos ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈၃ ဒသမ ၁ ဘီလျံ ကြွယ်ဝကာ LVMH ဥက္ကဋ္ဌ ပြင်သစ်နိုင်ငံသား Bernard Arnault က အမေရိကန်ဒေါ်လာ ၁၃၉ ဘီလျံဖြင့် ဒုတိယ၊ Microsoft တည်ထောင်သူ Bill Gates က အမေရိကန်ဒေါ်လာ ၁၁၉ ဘီလျံဖြင့် တတိယနေရာတွင် အသီးသီး ရပ်တည်နေသည်။

ဘာသာပြန်-ခွန်ဝဏ္ဏ
Ref:Forbes

LEAVE A REPLY

Please enter your comment!
Please enter your name here