Zoolander 2 ရုပ်ရှင်ထဲက အဝါရောင် Fiat 500X ကားလေးနဲ့ မင်းသားကြီး Ben Stiller

1737

ရုပ်ရှင်ပရိသတ်တွေကို ရယ်မော်ပျော်ရွှင်စေတဲ့ သရုပ်ဆောင်မှုတွေကြောင့် နာမည်ကျော်ကြားတဲ့ ဟာသသရုပ်ဆောင်၊ စာရေးဆရာ၊ ဒါရိုက်တာ၊ အမေရိကန်ရုပ်ရှင်မင်းသားကြီး ဘန်စတေလာ(Ben Stiller)ဟာ ဟောလိဝုဒ်ရုပ်ရှင်နယ်ပယ်ရဲ့ အကောင်းဆုံး ဟာသသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ယနေ့တိုင် လူသိများထင်ရှားနေဆဲ ဖြစ်ပါတယ်။ ဂျယ်ရီစတေလာနဲ့ အန်းမီရာတို့လို ဟာသသရုပ်ဆောင်မိဘနှစ်ပါး ရဲ့အမွေကို ဆက်ခံထားတဲ့ စတေလာဟာ ကလေးဘဝကတည်းက သရုပ်ဆောင်အရည်အသွေးရှိပြီး အခုအချိန်မှာတော့ Time မဂ္ဂဇင်းရဲ့ ကမ္ဘာကို အလွှမ်းမိုးနိုင်ဆုံး လူပုဂ္ဂိုလ်တစ်ရာစာရင်းမှာ ပါဝင်လာတဲ့အထိ နာမည်ကျော်ကြားနေပါပြီ။ ပြဇာတ်တွေကနေ သရုပ်ဆောင်ဘဝစခဲ့တဲ့ စတေလာ ဟာ Mockumentaries လို့ခေါ်တဲ့ သရော်တော်တော် ရုပ်သံအစီအစဉ် ပေါင်းများစွာကိုလည်း ဖန်တီးရေးသားခဲ့ပြီး သူ့ရဲ့ ကိုယ်ပိုင်ရုပ်သံအစီအစဉ် The Ben Stiller Show ကိုလည်း စီစဉ်ဖန်တီးခဲ့ပါတယ်။ အစပိုင်းမှာ မထင်မရှားနေရာတွေကနေ ပါဝင်သရုပ်ဆောင်ခဲ့ရပေမဲ့ ၁၉၈၇ ခုနှစ်ကစလို့ ဒါရိုက်တာကြီး စတီဗင်စပီးလ်ဘတ်ဂ်ရဲ့ Empire of the Sun ရုပ်ရှင် မှာ ပရိသတ်အသိအမှတ်ပြုခံခဲ့ရတဲ့ စတေလာဟာ ၁၉၉၂ ခုနှစ်မှာတော့ Reality Bite ရုပ်ရှင်ကို ပထမဆုံးအနေနဲ့ ဒါရိုက်တာအဖြစ် ရိုက်ကူးပုံဖော်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့ပါတယ်။ စတေလာဟာ ရုပ်ရှင်ဇာတ်လမ်းပေါင်း ငါးဆယ်ကျော်ကို ရေးသား၊ ရိုက်ကူး၊ ထုတ်လုပ်၊ သရုပ်ဆောင်ခဲ့ပြီး အဲဒီဇာတ်လမ်းတွေထဲမှာ The Secret Life of Walter Mitty၊ Zoolander ၊ The Cable Guy ၊ There’s Something about Mary၊ Meet the Parents trilogy၊ Dodge Ball ၊ Tropic Thunder နဲ့ Night at the Museum တို့ ပါဝင်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်း တစ်လျှောက်မှာ အမ်မီဆု၊ MTV Movie Award နဲ့ Teen Choice တို့ အပါအဝင် အသိအမှတ်ပြုဆုပေါင်းများစွာ ရရှိခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ်ရဲ့ Zoolander 2 နဲ့ Zoolander : Super Model ရုပ်ရှင် တို့ကို ကိုယ်တိုင်ရိုက်ကူးသရုပ်ဆောင်ခဲ့ပြီး ၂ဝ၁၇ ခုနှစ်ကလည်း The Meyerowitz နဲ့ Brad’s Status ရုပ်ရှင်တို့မှာ အဓိကကျတဲ့ နေရာတွေကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ အနုပညာနယ်ပယ်မှာ အောင်မြင်မှုရသလို ဝင်ငွေလည်းကောင်းခဲ့တဲ့ မင်းသားကြီးစတေလာဟာ လက်ရှိမှာ အမေရိကန်ဒေါ်လာ သန်း ၁၂ဝ ကို အသားတင်ပိုင်ဆိုင်ထားပြီး ပရဟိတလုပ်ငန်းတွေကို ကူညီထောက်ပံ့ပေးနေပါတယ်။

ဘန်စတေလာကို ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာ ၃ဝ ရက်က အမေရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မြို့ကြီးမှာ ဟာသသရုပ်ဆောင် ဂျယ်ရီစတေလာနဲ့ ဟာသသရုပ်ဆောင်မင်းသမီး အန်းမီရာတို့ရဲ့ သားငယ်အဖြစ် မွေးဖွားခဲ့ပါတယ်။ မိဘတွေရဲ့ ခြေရာအတိုင်း ငယ်စဉ်ကတည်းက သရုပ်ဆောင်ပိုးဝင်ခဲ့ပြီး အစ်မဖြစ်သူအမ်မီစတေလာနဲ့အတူ အိမ်မှာ ပြဇာတ်ကတမ်း ကစားလေ့ရှိတဲ့ စတေလာဟာ အသက်ကိုးနှစ်အရွယ်မှာ မိခင်ပါဝင်တဲ့ ရုပ်သံဇာတ်လမ်းတို Kate McShane မှာ ဧည့်သည်သရုပ်ဆောင်လေးအဖြစ် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ၁၉၇ဝ ပြည့်လွန်နှစ် နှောင်းပိုင်းမှာ ပြဇာတ်တွေလိုက်ကခဲ့တဲ့ စတေလာဟာ ၁၉၈၃ ခုနှစ်မှာ အထက်တန်းကျောင်းအောင်မြင်ခဲ့ပါတယ်။ အယ်လ်အေမြို့ကြီးက ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ရုပ်ရှင်ကျောင်းသားတစ်ယောက်အဖြစ် ဝင်ခွင့်ရခဲ့ပေမဲ့ ကိုးလအကြာမှာပဲ ကျောင်းထွက်ပြီး သရုပ်ဆောင်အလုပ်အတွက် နယူးယော့ခ်မြို့ဆီ ခြေဆန့်ထွက်ခွာခဲ့ပါတယ်။ သရုပ်ဆောင်သင်တန်းတွေတက်၊ လူရွေးပွဲတွေ လိုက်ဝင်ပြီး အခက်အခဲတွေ ကြုံတွေ့ခဲ့ရပေမဲ့ အခုလက်ရှိမှာတော့ နာမည်ကျော်လူသိများတဲ့ မီလျံနာအနုပညာရှင်ဘဝကို ရရှိနေပါပြီ။ စတေလာဟာ သူ့အနုပညာသက်တမ်းတစ်လျှောက် မှာ လုပ်ဖော်ကိုင်ဖက်မင်းသမီးအတော်များများနဲ့ တွဲခုတ်ခဲ့ဖူးပေမဲ့ ၂ဝဝဝ ပြည့်နှစ်မှာ မင်းသမီးခရစ္စတင်းတေလာနဲ့ တရားဝင်ထိမ်းမြားလက်ဆက်ခဲ့ပြီး သားသမီးနှစ်ယောက် ထွန်းကားခဲ့ပါတယ်။

ပြည့်ဝတဲ့ အနုပညာအရည်အချင်းနဲ့ ဟာသပညာကြောင့် ရုပ်ရှင်ပရိသတ်တွေကြားမှာ အခုအချိန်အထိ လူသိများနေဆဲဖြစ်တဲ့ အသက် ၅၂ နှစ်အရွယ် မီလျံနာမင်းသားကြီး ဘန်စတေလာဟာ အယ်လ်အေမြို့ကြီးက နာမည်ကျော်ဟောလိဝုဒ် အနုပညာရှင်အများအပြားနေထိုင်ရာ Hollywood Hills မှာ စံအိမ်တစ်ဆောင် ပိုင်ဆိုင်ထားပါတယ်။ သူ့ရဲ့ နေ့စဉ်ခရီးသွားလာရေးကိစ္စတွေအတွက် အသုံးပြုနေတဲ့ ကားတွေထဲမှာ အနက်ရောင် Audi Q7 ဇိမ်ခံ SUV ကားကြီးတစ်စီးလည်း ပါဝင်ပါတယ်။ စတေလာဟာ အဲဒီကားကို Iron Man ရုပ်ရှင် ပွဲဦးထွက်ပြပွဲကြီးမှာ ပထမဆုံးအကြိမ် မောင်းနှင်အသုံးပြုခဲ့တာပါ။ ဒါ့ပြင် စတေလာကို ပွဲ အခမ်းအနားတွေ သွားလာတဲ့အခါမျိုးမှာ Maserati ဇိမ်ခံကားတစ်စီး နဲ့လည်း တွေ့မြင်ကြရဖူးပါတယ်။ သူ့ရဲ့ အနုပညာအလုပ်တွေမှာလည်း ကားတွေနဲ့ အမြဲတွဲဖက်တွေ့မြင်ရလေ့ရှိတဲ့ စတေလာဟာ ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်ပေမဲ့လည်း တချို့ဇာတ်လမ်းဇာတ်ကွက်တွေကို စွန့်စွန့်စားစား ရိုက်ကူးတတ်ပါတယ်။ ၂ဝ၁၆ ခုနှစ်ရဲ့ Zoolander 2 ရုပ်ရှင်ကို ရိုက်ကူးတုန်းကလည်း စတေလာဟာ ကားစွန့်စားခန်းတစ်ခုကို လူစားမထိုးဘဲ အဆုံးသတ်ခါနီးအထိ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဇာတ်ဝင်ခန်းမှာ စတေလာဟာ အတိုက်ခံထားရတဲ့ အနီရောင်အမိုးဖွင့်ကားရဲ့ ယာဉ်မောင်းနေရာမှာထိုင်ပြီး ဘေးမှာတော့ ကလေးသရုပ်ဆောင် ဆိုင်းရပ်အာနိုးလည်း ရှိပါတယ်။ အတိုက်ခံရတာကြောင့် ကားဇောက်ထိုးမှောက်သွားတဲ့ ဇာတ်ဝင်ခန်းဖြစ်ပြီး စတေလာကတော့ ဘေးတစ်ဖက်ကို ကားကိုယ်ထည် အတော်လေးစောင်းတဲ့အချိန်အထိ ကားထဲမှာ လူစားမထိုးဘဲရှိနေခဲ့တာပါ။ ကားမှောက်သွားချိန်မှာ စတေလာတို့နှစ်ယောက် ကားပေါ်မှာ မရှိတော့ပေမဲ့ အဲဒီလိုစောင်းနေတဲ့အချိန် အထိ ကားထဲမှာရှိနေတာဟာ အတော်လေးအန္တရာယ်များလှပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က ပထမဆုံး Zoolander ရုပ်ရှင်မှာ စတေလာသရုပ်ဆောင်ထားတဲ့ Derek Zoolander ဇာတ်ကောင်ဟာ Ford Bronco ကားကို မောင်းနှင်ခဲ့ပေမဲ့ ၂ဝ၁၆ ခုနှစ်ရဲ့ Zoolander 2 မှာတော့ Derek ကို ကားသစ်လေးနဲ့ တွေ့မြင်ခဲ့ရပါတယ်။ အဲဒါကတော့ အဝါရောင် Fiat 500X ပါပဲ။ Fiat ရဲ့ အမှတ်တံဆိပ် သံတမန်တစ်ယောက်ဖြစ်တဲ့ စတေလာဟာ Zoolander 2 မှာ Fiat 500X ကို ထည့်သွင်းအသုံးပြုခဲ့သလို အဲဒီကားအတွက် ကြော်ငြာကိုလည်း Derek Zoolander အနေနဲ့ ရိုက်ကူးပေးခဲ့ပါတယ်။ အဲဒီကြော်ငြာထဲမှာ Derek Zoolander ဇာတ်ကောင် အသွင်ယူထားတဲ့ စတေလာဟာ ဇာတ်လမ်းထဲက အဝါရောင် Fiat 500X ကားလေးကို မြို့တွင်း လှည့်ပတ်မောင်းနှင်ခဲ့ပြီး  စိတ်ဝင်စားစရာလည်းကောင်းအောင် ဟာသဆန်ဆန် ရိုက်ကူး တင်ပြခဲ့ပါတယ်။ အဲဒီကြော်ငြာဟာ Fiat-Chrysler LLC ကား ကုမ္ပဏီနဲ့ Zoolander ဇာတ်လမ်းရဲ့ ထုတ်လုပ်သူ Paramount Pictures တို့ ပူးပေါင်းဆောင်ရွက်မှုရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here