YVQC မူကြမ်းကို တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့ပြီး ကြေညာချက်ထုတ်ပြန်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြမည်

847

ရန်ကုန်၊ မတ်

YVQC မူကြမ်းကို တိုင်းဒေသကြီးလွှတ်တော်၌ ဆွေးနွေးအတည်ပြုခဲ့ပြီး ကြေညာချက်ထုတ်ပြန်နိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြမည်ဖြစ်ကြောင်း သိရသည်။

မူကြမ်း ရေးဆွဲထားသည့် YVQC ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် အသုံးပြုလက်မှတ်ထုတ်ပေးရေးစနစ်ကို ယခုလ ၂၂ ရက်က တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက်တင်ပြခဲ့ခြင်း မရှိသဖြင့် အတည်ပြုကြေညာနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ထံတင်ပြရန် ဆောင်ရွက်နေကြောင်း သိရသည်။

”မူကြမ်းမှာပါတဲ့ အချက်တွေ ဆွေးနွေးကြတယ်၊ သက်ဆိုင်ရာဌာနတွေရဲ့ အကြံပြုချက်တောင်းတယ်၊ မူကြမ်းမှာပါတဲ့ အချက်တွေနဲ့ပတ်သက်ပြီး ပြင်ဆင်ဖို့ ဆွေးနွေးခဲ့ကြတာမရှိဘူး၊ ဒါကြောင့် မူကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ဆီ ဆက်ပြီးတင်ပြမယ်လို့ သိရတယ်၊ အခုမှ တင်ပြမှာဆိုတော့ ဧပြီလမှာ စပြီးကျင့်သုံးဖို့ မဖြစ်နိုင်ဘူး၊ အနည်းဆုံးတော့ နှစ်လ၊ သုံးလလောက် ကြာဦးမယ်ထင်တယ်”ဟု အစည်းအဝေး တက်ရောက်ခဲ့သူ  ‘မြန်မာနိုင်ငံ မော်တော်ယာဉ်ထုတ်လုပ် ရေးနှင့် တင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း’ ဥက္ကြ ဒေါက်ထာစိုးထွန်းက ဆိုသည်။

YVQC စနစ်တွင် ပေးသွင်းရမည့်နှုန်းထားအတွက် ငွေစာရင်း ခေါင်းစဉ်ဆွေးနွေးရန် ကျန်ရှိနေပြီး မှတ်ပုံတင်ပြုလုပ်ပေးမည့် အစီးရေ ကန့်သတ်ချက် ရှိ၊ မရှိနှင့် နယ်ကား များကို YVQC စနစ်ဖြင့် နယ်လိုင်စင်မှ ရန်ကုန်လိုင်စင် ကူးပြောင်းခွင့် ပြု၊ မပြုတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောထားတောင်းခံပြီးမှသာ အတည်ပြုထုတ်ပြန်နိုင်ရန် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here