ရန်ကုန်၊ မေ
YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ကားဝယ်ယူခွင့်ကို ဇွန်လအတွင်း ခွင့်ပြုပေးရန် စီစဉ်နေကြောင်း Brand New ကားတင်သွင်းရောင်းချသူများထံမှတစ်ဆင့် သိရသည်။
၂ နှစ်ကျော်ကာလအထိ ပိတ်ထားခဲ့သည့် ရန်ကုန်လိုင်စင် ကားဝယ်ယူခွင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က YVQC စနစ် ဖြင့် လာမည့်ဇွန်လအတွင်း စတင်ခွင့်ပြုပေးရန် စီစဉ်နေသည်။ ရန်ကုန်လိုင်စင်ဖြင့် ကားဝယ်ယူခွင့်ပေးရာတွင် မူကြမ်းပါအတိုင်း ခွင့်ပြုပေးမည်ဖြစ်ပြီး ယခုနှစ်မကုန်မီအထိ ကားဝယ်ယူခွင့် ထုတ်ပေးခြင်းကို အစီးရေကန့်သတ်မထားဘဲ ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
”ရန်ကုန်လိုင်စင်နဲ့ ကားဝယ်ယူခွင့်ပေးဖို့အတွက် ဝန်ကြီးဌာနတွေရဲ့ သဘောထားမှတ်ချက်တွေရရှိပြီးပြီလို့ သိရပါတယ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YVQC စနစ်ဖော်ဆောင်ဖို့အတွက် မေလထဲမှာ နောက်ဆုံး အစည်းအဝေးထိုင်မယ်လို့ သိရပါတယ်၊ ဒါကြောင့် YVQC စနစ်နဲ့ ရန်ကုန်လိုင်စင် ကားဝယ်ယူခွင့်ကို လာမယ့် ဇွန်လအတွင်းမှာ စတင်ခွင့်ပြုဖို့ရှိပါတယ်၊ ရန်ကုန်လိုင်စင် ပြန်ထုတ်ပေးမယ်ဆိုရင်တော့ Brand New ကားစျေးကွက်က လက်ရှိအခြေအနေထက် ပိုပြီးအားကောင်းလာမှာ ဖြစ်ပါတယ်”ဟု ‘AADA အသင်း’ ဒုတိယဥက္ကြ ဦးအေးထွန်းက ပြော သည်။
YVQC စနစ်ဖော်ဆောင်ရာတွင် ပထမနှစ်အတွင်း၌ ဝယ်ယူခွင့်ပြုမည့်အစီးရေ ကန့်သတ်မထားသလို အို/ဟောင်းယာဉ်များအသုံးပြုမှုကို လျှော့ချပေးမည့်အစီအစဉ်လည်း မပါဝင်သေးကြောင်း သိရသည်။ ရန်ကုန်လိုင်စင်ဖြင့် မော်တော်ယာဉ်အသုံးပြုခွင့်လက်မှတ် ထုတ်ပေးရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ် အသစ်အသုံးပြုသူများနှင့် နယ်ဝင် (လိပ်စာပြောင်း)မော်တော်ယာဉ်များကို အရေအတွက် ကန့်သတ်ပြီး ထိန်းချုပ်ရန်၊ လမ်းအခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေးအတွက် ရန်ပုံငွေတစ်ရပ်ရရှိရန်၊ ရန်ကုန်မြို့တော်အတွင်း သက်တမ်းကြာမြင့် ဟောင်းနွမ်းယာဉ်များ အသုံးပြုမှုလျှော့ချရန် စသည့်ရည်ရွယ်ချက်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်အသုံးပြုခွင့်လက်မှတ် YVQC ထုတ်ပေးရာတွင် မော်တော်ယာဉ် အမျိုးအစားအလိုက် အင်ဂျင်ပါဝါနှင့် မော်တော်ယာဉ်အနေအထားအပေါ်အခြေခံ၍ အုပ်စုများ ခွဲခြားသတ်မှတ်ဆောင်ရွက်မည်ဖြစ်ပြီး ၁၆ဝဝ စီစီနှင့် အောက် လူစီးယာဉ်များကို ကျပ် သိန်းသုံးဆယ်၊ ၁၆ဝ၁ စီစီမှ ၃ဝဝဝ စီစီအထိ လူစီးယာဉ်များကို ကျပ် သိန်းခြောက်ဆယ်၊ ၃ဝဝဝ စီစီအထက် လူစီးယာဉ်များကို ကျပ်သိန်း ကိုးဆယ်၊ Pick-Up ၊ Extra Cab များနှင့် 2500 kg အောက် လုပ်ငန်းသုံး ကုန်တင်ယာဉ်များကို ကျပ် ၁ဝ သိန်း၊ 2501 kg မှ 5000 kg အထိ ကုန်တင်ယာဉ်များကို ကျပ် ၁၅ သိန်း၊ ခရီးသည်တင်ယာဉ် မီနီဘတ်(၁၅ ယောက်စီးအောက်) ကို ကျပ်သိန်းသုံးဆယ်၊ ခရီးသည်တင်ယာဉ်မီနီဘတ်စ် ၁၆ ယောက်မှ ၂၇ ယောက်အထိကို ကျပ် ၁၅ သိန်း၊ ခရီးသည်တင်ယာဉ် (City Bus ၊ Express) နှင့် 5001 kg ကုန်တင်ယာဉ်များနှင့် ယန္တရားများကို ကျပ်တစ်သိန်းဖြင့် ခွင့်ပြုပေးမည် ဖြစ်သည်။ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ သာသနာရေးဆိုင်ရာယာဉ်နှင့် လျှပ်စစ်ကားများကိုမူ အခွန်ကင်းလွတ်ဖြင့် ခွင့်ပြုပေးမည် ဖြစ်သည်။
ပြည်တွင်း စက်မှုဇုန်ထုတ်ကားများကို သတ်မှတ်အင်ဂျင်ပါဝါ ၏ ၁ဝ ရာခိုင်နှုန်း၊ SKD စနစ်ဖြင့် တင်သွင်းပြီး ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို သတ်မှတ်အင်ဂျင်ပါဝါ၏ ၁ဝ ရာခိုင်နှုန်း၊ CKD စနစ်ဖြင့် တင်သွင်းပြီး ပြည်တွင်း၌တပ်ဆင်ထုတ်လုပ်သည့် မော်တော်ယာဉ်များကို သတ်မှတ်အင်ဂျင်ပါဝါ၏ ၃ ရာခိုင်နှုန်း ကောက်ခံမည် ဖြစ်သည်။ MIC ခွင့်ပြုချက်ဖြင့် တင်သွင်းမည့် မော်တော်ယာဉ်များနှင့် ကျောင်းကြို/ ပို့မော်တော်ယာဉ်များကိုမူ အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း YVQC မူကြမ်းတွင်ပါရှိသော အချက်များအရ သိရသည်။
ဆန်းသစ်အောင်