YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ဝယ်ယူခွင့်ပြုရာတွင် အစီးနှစ်သောင်းခွဲသာ ခွင့်ပြုပေးရန် စီစဉ်

371

ရန်ကုန်၊ ဇွန်

YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ဝယ်ယူခွင့်ပြုရာတွင် အစီးနှစ်သောင်းခွဲသာ ခွင့်ပြုပေးရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ယခုလအတွင်း YVQC စနစ်ဖြင့် ရန်ကုန်လိုင်စင် ကားဝယ်ယူအသုံးပြုခွင့်ကို ခွင့်ပြုပေးရန် စီစဉ်ဆောင်ရွက်နေပြီး ၂ နှစ်ကျော်ပိတ်ထားခဲ့ရာမှ ပြန်ဖွင့်ပေးမည်ဆိုသောကြောင့် အရေအတွက် မကန့်သတ်ပါက အစီးရေ အများအပြား ဝင်ရောက်လာနိုင်သဖြင့် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ဝယ်ယူခွင့်ထုတ်ပေးမည့် အစီးရေ သတ်မှတ်ရန်အတွက်လည်း မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများဆိုင်ရာ ကြီးကြပ်ရေးကော်မတီထံ တင်ပြမည်ဖြစ်ပြီး မူကြမ်းတွင် ပါရှိသည့်အတိုင်း အစီးနှစ်သောင်းခွဲသာ ခွင့်ပြုရန် စီစဉ်ထားကြောင်းသိရသည်။

”ရန်ကုန်လိုင်စင် ခွင့်ပြုပေးခဲ့ရင် အရေအတွက် အကန့်အသတ်မရှိဘဲ ခွင့်ပြုပေးမယ်ဆိုရင် ကားတွေ အများအပြား ဝင်ရောက်လာနိုင်တဲ့အတွက် ရန်ကုန်မြို့မှာ လမ်းကျပ်တည်းမှုတွေ ပိုပြီးဖြစ်လာနိုင်ပါတယ်၊ အရေအတွက်နဲ့ ကန့်သတ်လိုက်ပြန်ရင်လည်း ရရှိတဲ့ Quota ကို စျေးကွက်ထဲမှာ ပြန်ပြီးရောင်းချလာနိုင်တဲ့အတွက် ကြီးကော်ရဲ့ သဘောထားမှတ်ချက်ကို တောင်းခံဖို့ လုပ်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်လိုင်စင် ကားဝယ်ယူ အသုံးပြုခွင့်ပေးမည့် YVQC စနစ် အကောင်အထည်ဖော်ရန် ကြီးကော်နှင့် ဆွေးနွေးပြီးပါက အွန်လိုင်းစနစ်ဖြင့် ကျင့်သုံးရန်အတွက် စက်ပစ္စည်းများတပ်ဆင်ခြင်းနှင့် ဆောင်ရွက်ပေးမည့် အဆောက်အအုံ ရွေးချယ်ခြင်းတို့ကြောင့် ဇွန်လကုန်မှသာ စတင်ဆောင်ရွက်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here