YRTA သို့ နေ့စဉ်ပေးသွင်းရသည့် YBS စီမံခန့်ခွဲမှု ရန်ပုံငွေကို ထပ်တိုးဆိုင်းငံပေးရန် တိုင်းအစိုးရထံ တင်ပြထား

118

 

ရန်ကုန်၊ နိုဝင်ဘာ ၄

YBS ယာဉ်လိုင်းကုမ္ပဏီနှင့် ယာဉ်ပိုင်ရှင်များ၏ အခက်အခဲများကို တစ်ဖက်တစ်လမ်းမှ ဖြေ​လျှော့နိုင်ရန်အတွက် YRTA က ကောက်ခံနေသည့် စီမံခန့်ခွဲမှုရန်ပုံငွေကို ဆက်လက်ဆိုင်းငံ့ပေးရန် တိုင်းဒေသကြီး အစိုးရထံ တင်ပြထားကြောင်း သိရသည်။

လတ်တလောဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါ Covid-19 ကြောင့် YBS စီးခရီးသည်များ စီးနင်းမှုနှုန်း ကျဆင်းလျက်ရှိသည်။ ထို့ကြောင့် YBS ယာဉ်လိုင်း ကုမ္ပဏီများနှင့် ယာဉ်ပိုင်ရှင်များသည် အရှုံးနှင့်ဆက်တိုက်ရင်ဆိုင်နေရခြင်းကို တစ်ဖက်တစ်လမ်းမှ ကူညီထောက်ပံ့ရန် YRTA က ကောက်ခံနေသည့် စီမံခန့်ခွဲမှု ရန်ပုံငွေအား အောက်တိုဘာလကုန်အထိ ရပ်ဆိုင်းပေးထားခြင်းဖြစ်ရာ ယခု ထပ်မံ၍ နိုဝင်ဘာလအထိ ဆိုင်းငံ့ပေးရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားခြင်း ဖြစ်ကြောင်း သိရသည်။

” YBS တစ်စီးကို စီမံခန့်ခွဲမူ စရိတ်အဖြစ် တစ်နေ့ ​လေး​ထောင် ပေးသွင်းရပါတယ်၊ အဲ့ဒါကို ဧပြီလကစပြီး အောက်တိုဘာလအထိ ရပ်ဆိုင်းပေးထားပါတယ်၊ အခုထပ်ပြီး နိုဝင်ဘာလအထိ ဆိုင်းငံ့ပေးဖို့ တိုင်းအစိုးရကတစ်ဆင့် ပြည်ထောင်စုအစိုးရကို တင်ပြထားပါတယ်၊ YRTA ဘက်ကနေ ယာဉ်လိုင်းတွေအတွက် ကူညီထောက်ပံ့မှု ဖြစ်အောင်လုပ်ပေးတာပါ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍက ပြည်သူတွေအတွက် အရေးပါတဲ့ လုပ်ငန်းဖြစ်တာကြောင့် ရေရှည်ရပ်တည်နိုင်ဖို့ ကြိုးစားနေကြရပါတယ်” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

ထို့ပြင် YBS ယာဉ်များ သုံးစွဲနေသည့် CNG ကို စျေးနူန်း​လျှော့ချရောင်းပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။ ယခင်က ရန်ကုန်အတွင်း နေ့စဉ် ခရီးသွားဦးရေ ၁ ဒသမ ၉ သန်းမှ ၂ ဒသမ ၅ သန်းဝန်းကျင်အထိ ရှိခဲ့ရာ Covid-19 ကူးစက်ရောဂါကြောင့် ခရီးသွားဦးရေ သိသိသာသာ ကျဆင်းလာခဲ့ပြီး လက်ရှိတွင် နေ့စဉ်ခရီးသွားဦးရေ နှစ်သိန်းကျော်သာ ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် Covid-19 ဗိုင်းရပ်စ်ပိုး ကူးစက်ခံလူနာကို မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ Covid -19 ကူးစက်ခံထားရသူ ၅၅,၈၀၄ ဦးရှိနေပြီး သေဆုံးသူ ၁၃,၀၇ ဦးအထိရှိနေပြီဖြစ်သည်။

ကြည်ပြာ
ဓါတ်ပုံ-ဆန်း​အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here