YRTA  ခွင့်ပြုချက်မယူဘဲ YBS ယာဉ်လိုင်းအတွင်း ပြေးဆွဲနေသည့် ယာဉ်များကို အရေးယူမည်

613

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့(YRTA)၏ ခွင့်ပြုချက် မယူဘဲ YBS ခရီးသည်တင်ယာဉ်လိုင်းများအတွင်း ဝင်ရောက်ပြေးဆွဲနေ သည့်ယာဉ်များကို အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ၏ ခွင့်ပြုချက် ရယူပြီးမှသာ YBS ယာဉ်လိုင်းများအတွင်း ဝင်ရောက်ပြေးဆွဲရခြင်း ဖြစ်သော်လည်း ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ယာဉ်လိုင်းများအတွင်း ဝင်ရောက်ပြေးဆွဲနေသည့်ယာဉ်များ ပိုမိုများပြား လာသည့်အတွက် ထိုယာဉ်များကို စိစစ်အရေးယူဆောင်ရွက်တော့မည် ဖြစ်ကြောင်း YBS ယာဉ်လိုင်းကုမ္ပဏီများ၊ ခရီးသည် တင်ကားများ တင်သွင်းရောင်းချသောကုမ္ပဏီများနှင့်  YRTA ၏ CEO တို့တွေ့ဆုံပွဲတွင် CEO ဖြစ်သူ ဦးဘိုဘိုက ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

” YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲမယ်ဆိုရင် YRTA ခွင့်ပြုချက်ယူပြီးမှ ပြေးဆွဲရတယ်ဆိုတဲ့ မူဝါဒက အရင်ကတည်းက ရှိတာပါ၊   တရားဝင် ခွင့်ပြုချက်မယူဘဲ ပြေးဆွဲနေတဲ့ကားတွေ တော်တော်များလာတဲ့အတွက်   ခွင့်ပြုချက်မယူဘဲ ယာဉ်လိုင်းအတွင်းမှာ ပြေးဆွဲနေတဲ့ ကားတွေကို အရေးယူမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်၊ ဘဏ်ကနေ ချေးငွေတွေနဲ့ ရောင်းချထားတဲ့ ခရီးသည်တင်ယာဉ် စာရင်းတွေကို တောင်းထားပါတယ်၊ အဲဒီစာရင်း တွေကနေ YRTA  မှာ ခွင့်ပြုချက် မယူဘဲ YBS ယာဉ်လိုင်းတွေမှာ ပြေးဆွဲနေတဲ့ ယာဉ်တွေကို စိစစ် အရေးယူမှာဖြစ်ပါတယ်”ဟု YRTA  ၏ CEO ဦးဘိုဘိုက ပြောကြား ခဲ့ခြင်းဖြစ်သည်။

YRTA ယာဉ်လိုင်းများတွင် အသစ်ဝင်ရောက် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ် အများစုမှာ အရစ်ကျစနစ်ဖြင့် ဝယ်ယူသည့် ကားအများစုဖြစ်၍ ယာဉ်ပိုင်ရှင်များသာမဟုတ်ဘဲ ဘတ်စ်ကားများ တင်သွင်းရောင်းချသည့် ကုမ္ပဏီများအနေဖြင့်လည်း မိမိရောင်းချ သောကားများကို YRTA တွင် ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲခွင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 

ဘဏ်ချေးငွေနှင့် ဝယ်ယူထားသည့်ကားများ ငွေအကျေ မချေသေးပါက ယာဉ်ပိုင်ရှင်၏ ကားမဟုတ်သည့်အတွက် အရေးယူမှုပြုလုပ်ပါက ယာဉ်ပိုင်ရှင်နှင့် ကုမ္ပဏီပါ နစ်နာမှုများ ရှိလာနိုင်ကြောင်း အဆိုပါတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ Power Eleven ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ကိုတရုတ်လေးက ပြောသည်။

 

ခရီးသည်တင် ယာဉ်အဖြစ် ပြေးဆွဲမည်ဆိုပါက ယာဉ်ပိုင်ရှင်မှ ဝယ်ယူသည့်ကုမ္ပဏီကို အချက် အလက်များပေးပို့၍ ကုမ္ပဏီမှ တစ်ဆင့်(YRTA) သို့ ခရီးသည်ယာဉ်အဖြစ် ပြေးဆွဲခွင့်ရရန် တင်ပြနိုင်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here