YPS စက်တပ်ဆင်ပြီးစီးသည့် ယာဉ်အားလုံးတွင် လေးလအတွင်း Card အသုံးပြုခွင့်ရရှိမည်

141

 

ရန်ကုန်၊ ဇူလိုင် ၂၂
YBS ယာဉ်စီးခပေးချေနိုင်မည့် YPS Payment စက်တပ်ဆင်ပြီးစီးသည့် ယာဉ်များအားလုံးတွင် လေးလအတွင်း ကတ်အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။

YPS Payment စက်တပ်ဆင်ပြီးစီးသည့် YBS ယာဉ် အစီး ၁,၉ဝဝ ကျော်ထဲမှ အစီး ငါးရာကျော်ကို ယခုလ ၂၁ ရက်က စတင်အသုံးပြုခွင့်ရထားပြီး ကျန်ရှိယာဉ်အစီး တစ်ထောင်ကျော်ကို လေးလအတွင်း အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း သိရသည်။

“YPS Payment စက်တပ်ဆင်ပြီးတဲ့ ကားတွေထဲက အခုအစီး ငါးရာကျော် အသုံးပြုခွင့်ရထားတယ်၊ နောက်လမှာ အစီး ခြောက်ရာကျော် အသုံးပြုခွင့်ရမယ်၊ ပြီးရင် အစီး ၂၆ဝ ထပ်ထည့်မယ်၊ တဖြည်းဖြည်းနဲ့ အစီးရေတွေ တိုးသွားမယ်၊ သုံးလ လေးလအတွင်းမှာ တပ်ဆင်ပြီး ယာဉ်တွေအားလုံး စီးလို့ရအောင် လုပ်နေပါတယ်၊ အဲ့ဒီကာလအတွင်းမှာပဲ နောက်ထပ် ကားအစီး ငါးရာမှာ စက်တွေထပ် တပ်ဖို့လည်း စီစဉ်ထားပါတယ်”ဟု Asia Starmar Transport Intelligent ကုမ္ပဏီ CMO ဒေါ်ရီရီခင် ကပြောသည်။

လက်ရှိအချိန်တွင် YBPC ကုမ္ပဏီမှ ယာဉ်လိုင်းနံပါတ် ၄၃၊ ၆၂၊ ၇၂၊ ၈၇ (၁)၊ ၈၇ (၂)၊ ၈၈၊ ၈၉(၁)၊ ၈၉(၂)၊ ၉၆ (၁)၊ ၉၆(၂)နှင့် ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ ယာဉ်လိုင်းနံပါတ် ၁၂၊ ၁၄၊ ၂၅၊ ၃ဝ (၁)၊ ၃ဝ (၂)၊ ၃၈၊ ၅၅ တို့တွင် Payment Card ဖြင့် အသုံးပြုနိုင်နေပြီဖြစ်သည်။ သြဂုတ်လတွင် YUPT ကုမ္ပဏီ ယာဉ် လိုင်း ၂၁ လိုင်းမှ ယာဉ်အစီး ၆၇၄ စီး အသုံးပြုခွင့်ရရှိမည် ဖြစ် သည်။ ကျန်ရှိသည့် Payment စက်တပ်ဆင်ပြီးစီးသည့် ယာဉ်များအားလုံးတွင် လေးလအတွင်း အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရ သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here