YBS ၅၅ ယာဉ်လိုင်းမှ တစ်ဦးချင်းပိုင် ယာဉ်အစီးခြောက်ဆယ်ကျော်ကို ပြေးဆွဲခွင့် ရပ်ဆိုင်းထား

467

ဇူလိုင် ၇ ရက်က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် YBS ၅၅ ယာဉ်လိုင်းမှ တစ်ဦးချင်းပိုင် ယာဉ်အစီး ခြောက်ဆယ်ကျော်ကို ပြေးဆွဲခွင့် ရပ်ဆိုင်းထားရကြောင်း တိုက်ကြီးသားအများပိုင်ကုမ္ပဏီမှ သိရသည်။

တိုက်ကြီးသား အများပိုင် ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲနေသည့် YBS ၅၅ ယာဉ်လိုင်းတွင် ကုမ္ပဏီပိုင်ယာဉ်များနှင့် တစ်ဦးချင်းပိုင်ယာဉ်များ အပါအဝင် ယာဉ်အစီးတစ်ရာကျော်ဖြင့်ပြေးဆွဲနေရာ ဇူလိုင် ၇ ရက်တွင် YBS ၅၅ နှင့် YBS ၃၇ တို့၏ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ၅၅ ယာဉ်လိုင်းမှ တစ်ဦးပိုင်ယာဉ် အစီးခြောက်ဆယ်ကျော် ပြေးဆွဲခွင့် ရပ်နားထားရကြောင်း တိုက်ကြီးသားအများပိုင်ကုမ္ပဏီမှ သိရသည်။

”ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် တစ်ဦးပိုင်ယာဉ်တွေ ပြေးဆွဲခွင့် ရပ်နားထားတယ်၊ စည်းကမ်းအတိုင်း လိုက်နာနိုင်မှ ကုမ္ပဏီထဲ ဝင်ရောက်ပြေးဆွဲခွင့်ပြုမယ်၊ တစ်ဦးချင်းပိုင်ကား ပိုင်ရှင်တွေကတော့ ကုမ္ပဏီထဲဝင်ပြီး ပြေးဆွဲမယ်လို့တော့ ပြောတယ်၊ ဒါ ပေမဲ့ စောင့်ကြည့်ရဦးမှာပါ၊ ကုမ္ပဏီထဲဝင်မယ်ဆိုရင် စည်းကမ်း လိုက်နာဖို့လိုတယ်၊ ယာဉ်တိုက်မှုဖြစ်ပြီးကတည်းက ကုမ္ပဏီကားတွေကိုလည်း ယာဉ်လိုင်းနံပါတ် ၉ဝ ဆိုပြီး ပြောင်းဆွဲနေတယ်၊ ခရီးစဉ်ကတော့ အရမ်းတိုသွားပြီ၊ ဥက္ကံကနေ ထောက်ကြန့်အထိပဲ ပြေးဆွဲခွင့်ရတယ်၊ မြို့ထဲဝင်ခွင့် မရတော့ဘူး၊ ကုမ္ပဏီကကားတွေကိုလည်း စည်းကမ်းတကျ ပြေးဆွဲဖို့ အမြဲတမ်း ကြပ်မတ် ဆောင်ရွက်နေပါတယ်၊ ဖြစ်နိုင်ရင်တော့ အရင်လမ်းကြောင်းအတိုင်း ပြန်လည်ပြေးဆွဲခွင့် ရချင်ပါတယ်”ဟု တိုက်ကြီးသားအများပိုင်ကုမ္ပဏီ ဒါရိုက်တာ ဦးစိုးမြင့်ကြည်က ပြောကြားသည်။

ယခင်က YBS ၅၅ ယာဉ် လိုင်းတွင် ကုမ္ပဏီပိုင်ယာဉ်များနှင့် တစ်ဦးပိုင်ယာဉ်များအပါအဝင် ယာဉ် အစီး တစ်ရာကျော်ဖြင့် ဥက္ကံမှ မော်တင်သို့ပြေးဆွဲနေခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဇူလိုင် ၈ ရက် ညနေပိုင်းတွင် ၅၅ ယာဉ်လိုင်းကို ဖျက်သိမ်းခဲ့သည်။ ယင်း ၅၅ ယာဉ်လိုင်းမှ ကုမ္ပဏီပိုင်ယာဉ်များကို YBS ၉ဝ ယာဉ်လိုင်းနံပါတ်အသစ် ဖြင့် ဥက္ကံမှ ထောက်ကြန့်အထိပြေး ဆွဲခွင့်ပြုခဲ့ပြီး တစ်ဦးပိုင်ယာဉ်များကိုမူ ပြေးဆွဲခွင့်ရပ်ဆိုင်းထားကြောင်း တိုက်ကြီးသားအများပိုင်ကုမ္ပဏီမှ သိရသည်။

တစ်ဦးပိုင်ယာဉ်များ ကုမ္ပဏီလက်အောက်ခံအဖြစ် ပြေးဆွဲမည်ဆိုပါက ယာဉ်များတွင် Aircon ၊ CCTV ၊ ငွေပုံးများ တပ်ဆင်ခြင်းတို့အပြင် ဝေပုံကျစနစ်ဖြင့် ခွဲဝေခြင်းနှင့် စနစ်တကျ ပြေးဆွဲမည်ဟု ခံဝန်လက်မှတ် ရေးထိုးမှသာ ဝင်ရောက်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယာဉ်လိုင်းနံပါတ် ၉ဝ တွင် ကုမ္ပဏီပိုင်ဘတ်စ်ကား အစီးခုနစ် ဆယ်ကျော်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အစီးသုံးဆယ်ကျော်ဖြင့် ပြေးဆွဲလျက်ရှိသည်။ ကျန်ရှိသည့် အစီးလေးဆယ်ကျော်တွင် အစီးနှစ်ဆယ်ကျော်မှာ ယာဉ်လိုင်းအတွင်းပြေးဆွဲရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ကိုရီးယားနိုင်ငံမှ ထပ်မံဝယ်ယူထားသည့် အစီးနှစ်ဆယ်မှာလည်း မကြာမီရောက်ရှိလာတော့မည်ဖြစ်ကြောင်း တိုက်ကြီးသားအများပိုင်ကုမ္ပဏီမှ သိရသည်။

ယခင် YBS ၅၅ ယာဉ်လိုင်း မဖျက်သိမ်းခင်ကတည်းက ယာဉ်လိုင်းကြီးနှင့် ယာဉ်လိုင်းငယ်အဖြစ် ပြေးဆွဲခဲ့ခြင်းဖြစ်ပြီး ယခုအခါ YBS ၅၅ ယာဉ်လိုင်းကြီးကို YBS ၉ဝ ယာဉ်လိုင်းအဖြစ် လည်းကောင်း၊ YBS ၅၅ ယာဉ်လိုင်းငယ်ကို YBS ၉၁ ယာဉ်လိုင်းအဖြစ်လည်းကောင်း ပြောင်းလဲပြေးဆွဲခွင့်ပြုထားကြောင်း YRTA မှ သိရသည်။

ထိုသို့ ပြေးဆွဲရာတွင် YBS ၅၅ ယာဉ်လိုင်းငယ်ကို YBS ၉၁ ယာဉ်လိုင်းအဖြစ် မူလပြေးဆွဲခဲ့သည့် လမ်းကြောင်းအတိုင်း ပြေးဆွဲခွင့် ပြုထားပြီး YBS ၅၅ ယာဉ်လိုင်း ကြီးကိုမူ မူလပြေးဆွဲသည့် ဥက္ကံမှ မော်တင်ခရီးစဉ်လမ်းကြောင်းမှ ယခု ဥက္ကံမှ ထောက်ကြန့်အထိသာ ပြေးဆွဲခွင့်ပြုထားကြောင်း YRTA မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here