YBS ၄၀ နှင့် တက္ကစီယာဉ်တိုက်မူဖြစ်စဉ်တွင် သေဆုံးခဲ့သူ သုံးဦးကို တစ်ဦးလျှင် ကျပ်သိန်းနှစ်ဆယ်စီထောက်ပံံ့လျူဒါန်း၊ YBS ၄၀ ကို လုပ်ငန်းလိုင်စင်ဥပဒေနှင့်အညီ အရေးယူရန် စီစဉ်နေ

372

 

ရန်ကုန်၊ ဇွန် ၅

ဇွန် ၂ ရက် နံနက်ကဖြစ်ပွားခဲ့သည့် YBS ၄၀ နှင့် တက္ကစီယာဉ်တိုက်မူဖြစ်စဉ်တွင် တက္ကစီယာဉ်ပေါ်ပါသေဆုံးသူ သုံးဦးအား တစ်ဦးလျှင် ကျပ် သိန်း နှစ်ဆယ်စီ ထောက်ပံ့လျူဒါန်းထားပြီး YBS ၄၀ ကို လုပ်ငန်းလိုင်စင် ဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် ပြင်ဆင်နေကြောင်း YRTA မှ သိရသည်။

ယင်းဖြစ်စဉ်တွင် YBS ၄၀ နှစ်စီး ယှဉ်ပြိုင်မောင်းလာရာ တစ်ဖက်ယာဉ်ကြောမှ တက္ကစီယာဉ်ကို မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်ပြီး တက္ကစီယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ သုံးဦးစလုံးသေဆုံးခဲ့ရခြင်းဖြစ်သည်။ ထိုယာဉ်တိုက်မှုသည် အလွန်ဆိုးရွားသည့် ဖြစ်စဉ်ဖြစ်သောကြောင့် လုပ်ငန်းလိုင်စင်ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူနိုင်ရန်အတွက် စီစဉ်နေကြောင်း သိရသည်။

” ဒီဖြစ်စဉ်ကြီးက အလွန်ဆိုးရွားတဲ့ဖြစ်စဉ်ကြီးပါ၊ လုံးဝမဖြစ်သင့်တဲ့ ကိစ္စပါ၊ ဥပဒေလမ်းကြောင်းအရ တစ်ဖက်မှာ ရင်ဆိုင်ရသလို YRTA အနေနဲ့လည်း ထိထိရောက်ရောက် အရေးယူနိင်ဖို့ စီစဉ်နေပါတယ်၊ တက္ကစီယာဉ်ပေါ်ပါတဲ့ သေဆုံးသူခရီးသည်မောင်နှစ်မနှစ်ယောက်ရဲ့ နေအိမ်ကို ဒီနေ့သွားပြီး တစ်ယောက်ကို ကျပ်သိန်း နှစ်ဆယ်စီနဲ့ သိန်း လေးဆယ်လျူဒါန်းထောက်ပံ့ပေးခဲ့ပါတယ်၊ တက္ကစီယာဉ်မောင်းကတော့ ရွာကိုပြန်ပြီး နာရေးလုပ်နေရတဲ့အတွက် ပြန်လာတဲ့အခါ လျူဒါန်းပေးမှာပါ ” ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့ YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောသည်။

ထိုဖြစ်စဉ်နှင်ပတ်သက်ပြီး YBS ၄၀ ယာဉ်လိုင်းကို တာဝန်ယူပြေးဆွဲနေသည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီ( YUPT) ၏ အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က “ဇွန် ၂ ရက်က ဖြစ်တဲ့ YBS ၄၀ ယာဉ်က ပုဂ္ဂလိကပိုင်ယာဉ်ဖြစ်တဲ့အတွက် ကားကပိုင်ရှင်ဆီမှာပဲ ထားတယ်၊ မနက်ကို ဂိတ်မထွက်ခင် ယာဉ်ပိုင်ရှင်က သူမောင်းခိုင်းချင်တဲ့သူကို မောင်းခိုင်းပြီး ဂတ်စ်ဖြည့်ခိုင်းရင်း အခုလိုဖြစ်တာပါ၊ ဂိတ်ကထွက်တာမဟုတ်ပါဘူး၊ လိုင်းချိန်ပြင်ပမှာဖြစ်တာပါ၊ ဂိတ်ကထွက်တဲ့ကားတွေက နံနက်ခြောက်နာရီမှာ စပြီး အစဉ်လိုက်ထွက်ကြရပြီး ယာဉ်မောင်းအသိအမှတ်ပြုလက်မှတ်ရထားတဲ့ သူတွေပဲ မောင်းရတာပါ၊ ကုမ္ပဏီပိုင်ယာဉ်တွေကတော့ ကုမ္ပဏီမှာပဲထားရတာပါ၊ ပုဂ္ဂလိကပိုင်ကားတွေက သူတို့အိမ်မှာပဲထားတဲ့အတွက် လိုင်းပြင်ပအချိန်တွေကိုတော့ ထိန်းချုပ်လို့မရပါဘူး၊ ဒါပေမဲ့ ဒီကိစ္စကြီးကအရမ်းလည်း ဆိုးရွားတယ်၊ ကားကလည်း ကုမ္ပဏီ လက်အောက်မှာ ဝင်ရောက်ပြေးဆွဲတဲ့ ယာဉ်ဖြစ်တဲ့အတွက် ဒီဖြစ်စဉ်မှာ သေဆုံးတဲ့သူတွေကို ကုမ္ပဏီအနေနဲ့ တစ်ဦးကို ကျပ်သုံးသိန်းစီ လျူဒါန်းထားပါတယ်၊ နာရေးအတွက်ကားတွေကိုလည်း ကူညီပေးထားပါတယ်၊ YBS ၄၀ ကိုတော့ YRTA လမ်းညွန်ချက်နဲ့ အရေးယူရမှာပါ ” ဟု ပြောသည်။

ဇွန် ၂ ရက် နံနက် ၆ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး သင်္ဘောကျင်းမှတ်တိုင်အနီးတွင် YBS ၄၀ နှင့် တက္ကစီယာဉ် မျက်နှာချင်းဆိုင်တိုက်မိ၍ တက္ကစီယာဉ်ပေါ်ပါ သုံးဦးစလုံးပွဲချင်းပြီး သေဆုံးခဲ့ခြင်းဖြစ်ပြီး YBS ၄၀ ယာဉ်မောင်းမှာ လက်ရှိအချိန်အထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်းသိရသည်။

ကြည်ပြာ
ဓာတ်ပုံ-Maung Maung Win facebook

LEAVE A REPLY

Please enter your comment!
Please enter your name here