YBS  အထူးယာဉ်မောင်းသင်တန်းကျောင်းတွင် ယာဉ်မောင်းဦးရေ   တစ်ထောင်အထိ အောင်မြင်အောင်   လေ့ကျင့်သင်ကြားပေးမည်

674

YBS ခရီးသည်တင် ယာဉ်လိုင်း များတွင် မောင်းနှင်ရန်အတွက် YBS အထူးယာဉ်မောင်း သင်တန်း ကျောင်းတွင် ယာဉ်မောင်းဦးရေ တစ်ထောင်အထိ အောင်မြင်အောင် လေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် YBS ခရီးသည်တင် ယာဉ် များတွင် မောင်းနှင်ရန်အတွက် (ခ)လိုင်စင် သက်တမ်း သုံးနှစ်နှင့် အထက်ရှိသူများကို YBS အထူး ယာဉ်မောင်း သင်တန်ကျောင်း ဖွင့် လှစ်၍ သင်ကြားပေးရာ စာတွေ့၊ လက်တွေ့ ဖြေဆိုအောင်မြင်သည့် ယာဉ်မောင်းဦးရေ တစ်ထောင်အထိ လေ့ကျင့် သင်ကြားပေးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အောင်မြင်ထား သည့် ယာဉ်မောင်းနှစ်ရာဝန်းကျင် ရှိနေပြီဖြစ်ကြောင်း YBS အထူး ယာဉ်မောင်း သင်တန်းကျောင်းမှ သိရသည်။

 

”ဒီသင်တန်းက YRTA ရဲ့ အစီအမံနဲ့ ပြုလုပ်တာပါ၊ YBS ခရီးသည်တင် ယာဉ်လိုင်းတွေမှာ မောင်းနှင်ဖို့အတွက် သင်တန်း တက်ရမှာပြီး စာတွေ့၊ လက်တွေ့ အောင်မြင်တဲ့ ယာဉ်မောင်းအယောက် တစ်ထောင်ပြည့်တဲ့အထိ သင်တန်း အပတ်စဉ်အလိုက် သင်ကြားပေးမှာပါ၊ သင်တန်းအောင်မြင်တဲ့ ယာဉ် မောင်းတွေကို သက်ဆိုင်ရာ YRTA ကုမ္ပဏီမှာ ခွဲတမ်းချပေးမှာပါ”ဟု YBS အထူးယာဉ်မောင်းသင်တန်း ကျောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

YBS ယာဉ်မောင်း အထူး သင်တန်းကျောင်း ဖွင့်လှစ်၍ သင် ကြားပေးရာတွင် သင်တန်းအပတ်စဉ် တစ်နှင့် နှစ်တွင် အောင်မြင်သူ ၁၉၉ ဦး ရှိနေပြီး သင်တန်းဖြေဆို အောင်မြင်သည့် ယာဉ်မောင်းဦးရေ တစ်ထောင်ပြည့်သည်အထိ သင် ကြားပေးမည်ဖြစ်ကြောင်း YBS အထူးယာဉ်မောင်း သင်တန်းကျောင်းမှ သိရသည်။

 

YBS အထူးယာဉ်မောင်း သင် တန်းကျောင်းကို ဇူလိုင် ၁၇ ရက် က မြောက်ဥက္ကလာပမြို့နယ်၊ ခြောက်ကွေ့မှတ်တိုင်အနီးရှိ (ကပရ) အမှတ်-၅ ဝင်းအတွင်း၌ သင်တန်း အပတ်စဉ် (၁) ကို ဖွင့်လှစ်ခဲ့သလို အပတ်စဉ် (၂) ကို သြဂုတ် ၇ ရက်တွင် ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းအပတ်စဉ် (၃) ကို သြဂုတ် ၂၉ ရက်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊

 

အဆိုပါ သင်တန်းတက် ရောက်ရန်အတွက် လျှောက်ထား သူများအနေဖြင့် (ခ)လိုင်စင် သက် တမ်း သုံးနှစ် အနည်းဆုံး ရှိရမည် ဖြစ်ပြီး အသက် ၂၅ နှစ်မှ ၅၅ နှစ် အတွင်း အခြေခံပညာအလယ်တန်း အဆင့် အောင်မြင်ရမည်ဖြစ်သည်။ သတ်မှတ် အရည်အချင်းများနှင့် ကိုက်ညီပါက အမျိုးသမီးများလည်း တက်ရောက်နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

 

သင်တန်းကျောင်းတွင် ယာဉ်ကြီးများကို ကျွမ်းကျင်စွာ မောင်း နှင်နိုင်ရန် လေ့ကျင့်သင်ကြားပေးခြင်း၊ ခရီးသည်များကို အကောင်း ဆုံးဝန်ဆောင်မှု ပေးနိုင်ရန် လေ့ ကျင့်သင်ကြားပေးခြင်းတို့ အပြင် ခရီးသည်များနှင့် ဆက်ဆံရာတွင်လည်း အဆင်ပြေမှုရှိစေရန် ယဉ် ကျေးလိမ္မာသင်တန်းများကိုပါ ပို့ချ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

အဆိုပါ YBS ယာဉ်မောင်း အထူးသင်တန်းကျောင်းတွင် သင် တန်းကာလ သုံးပတ်သင်ကြားပေး မည်ဖြစ်ပြီး (င) ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်း များနည်းတူ စာတွေ့၊ လက်တွေ့ ဖြေဆိုရမည် ဖြစ်သည်။ သင်တန်း အောင်မြင်ပါက  အောင်လက်မှတ် ထုတ်ပေးပြီး မြို့တွင်းပြေးဆွဲနေ သည့် YBS ခရီးသည်တင် ယာဉ် လိုင်းများတွင် မောင်းနှင်ခွင့် ရရှိ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here