YBS သင်တန်းဆင်းများထဲမှ (ခ) နှင့် (ဃ) လိုင်စင် ကိုင်ဆောင်ထားသည့် ယာဉ်မောင်းသုံးရာကျော်ကို (င)ယာဉ်မောင်းလိုင်စင်အနီ ထုတ်ပေး

1076

ရန်ကုန်၊ ဖေဖော်ဝါရီ
YBS အထူးယာဉ်မောင်းသင်တန်းဆင်းသုံးရာကျော်ကို (င) ယာဉ်မောင်း လိုင်စင်အနီ ထုတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

YBS ယာဉ်လိုင်းအတွက် သီးသန့်ဖွင့်လှစ်ထားသည့် YBS အထူး ယာဉ်မောင်းသင်တန်းတွင် (ခ)ယာဉ်မောင်းလိုင်စင်သုံးနှစ်ရှိသူများပါ တက်ရောက်ခွင့်ပြုထားသည့်အတွက် သင်တန်းအောင်မြင်ပြီးသော်လည်း ယာဉ်လိုင်းအတွင်း ဝင်ရောက်မောင်းနှင်ရာတွင် သတ်မှတ်လိုင်စင်မရှိသော ကြောင့် ယာဉ်ထိန်းရဲစစ်ခံယူခြင်းနှင့် မော်တော်ယာဉ်အလုံးစုံအာမခံထားရှိရာတွင် အခက်အခဲများရှိနေသည့်အတွက် (င)ယာဉ်မောင်းလိုင်စင်အနီ ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

” YBS အထူးယာဉ်မောင်းသင်တန်း အောင်မြင်ထားတဲ့ သင်တန်းသား ခြောက်ရာကျော်ရှိတယ်၊ ဒီအထဲမှာ (ခ)လိုင်စင်နဲ့ (ဃ)လိုင်စင် ကိုင်ဆောင်ထားတဲ့ ယာဉ်မောင်းက လေးရာကျော် ရှိတယ်၊ သတ်မှတ်လိုင်စင်မရှိဘဲ ယာဉ်လိုင်းထဲမှာမောင်းတော့ အခက်အခဲတွေ ဖြစ်ကြရတယ်၊ ဒါကြောင့် သတ်မှတ်လိုင်စင်မရှိပေမဲ့ YBS ယာဉ်လိုင်းထဲမှာ ဝင်ရောက်မောင်းနှင်မယ့် သင်တန်းဆင်းတွေကို လိုင်စင်အနီ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်”ဟု ‘ YBS အထူးယာဉ်မောင်းသင်တန်း သင်တန်းရေးရာဌာန’ ဌာနစိတ်မှူး ဦးသိန်းဇော်ဝင်းက ပြောသည်။

လက်ရှိ YBS အထူးယာဉ်မောင်းသင်တန်း အောင်မြင်ထားသည့် ယာဉ်မောင်း ၆၃၄ ဦးထဲတွင် (ခ)ယာဉ်မောင်းလိုင်စင်နှင့် (ဃ)ယာဉ်မောင်း လိုင်စင် ကိုင်ဆောင်ထားသည့် သင်တန်းသား လေးရာကျော်ရှိနေပြီး ၃၅၅ ဦးကို (င)ယာဉ်မောင်းလိုင်စင်အနီ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရသည်။
YBS အထူးယာဉ်မောင်းသင်တန်းကျောင်းကို ၂ဝ၁၇ ခုနှစ်၊ ဇူလိုင် ၁၇ ရက်မှ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ရာ လက်ရှိအချိန်တွင် အပတ်စဉ် (၆) သင်ကြားထားပြီး သင်တန်းအပတ်စဉ်(၇) ကို လာမည့် မတ်လထဲတွင် သင်ကြားနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here