YBS ယာဉ်လိုင်း ကုမ္ပဏီများ၏ Covid ကာလအတွင်း ဆုံးရှုံးမှုများကို ပြန်လည်ကုစားနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနထံ အကူအညီတောင်းခံမည်

169

 

ရန်ကုန်၊ ဒီဇင်ဘာ ၉
Covid-19 စတင်တွေ့ရှိခဲ့သည့် အချိန်မှစတင်ကာ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် YBS ကုမ္ပဏီများသည် လက်ရှိအချိန်အထိ ဆုံးရှုံးမှုများ ဆက်တိုက် ဖြစ်ပေါ် လျက်ရှိပြီး ယာဉ်လိုင်းအချို့ ဆက်လက် ပြေးဆွဲနိုင်ခြင်းမရှိဘဲ ရပ်နားထားရဆဲ ဖြစ်သည်။ ယင်းအခြေ အနေများကို ပြန်လည်ကုစားနိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများထံ အကူအညီတောင်းခံမည် ဖြစ်ကြောင်း YBS ယာဉ်လိုင်းကုမ္ပဏီများထံမှ သိရသည်။

ယခုကာလအတွင်း ဆုံးရှုံးခဲ့သည်များကို ကိန်းဂဏန်းများဖြင့် စနစ်တကျ တွက်ချက်တင်ပြပြီး ကုမ္ပဏီများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြန်လည်ကုစားနိုင်မည့် နည်းလမ်းများကို ရွေးချယ်ကာ တင်ပြအကူအညီ တောင်းခံမည် ဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီတွေအနေနဲ့ကတော့ အစိုးရ၊ ဒါမှမဟုတ် သက်ဆိုင်ရာဝန်ကြီးဌာနတွေကို အကူအညီ တောင်းချင်တယ်၊ ဒီအခြေအနေတွေကို ကုစားလို့ရမယ့် အခြေအနေမျိုးနဲ့ နည်းလမ်းတွေကို စာတင်ဖို့ ရှိပါတယ်၊ အခုအချိန် မှာက ကျန်းမားရေးစောင့်ရှောက်မှုတွေအတွက် အစိုးရအနေနဲ့ ကုန်ကျစရိတ်တွေ အရမ်းများနေတယ်၊ ဘတ်ဂျက်တွေ အများကြီးသုံးနေရတယ်၊ အဲဒါကြောင့် အခုအချိန်မှာတော့ မတင်ပြသေးပါဘူး၊ လုပ်ငန်းတွေ အကုန်ပြန်ပြီး လည်ပတ်နိုင်တဲ့အချိန်မှာတာ့ ထိခိုက်ခဲ့တဲ့ ကိန်းဂဏန်းတွေကို သေချာ တွက်ချက်တင်ပြပြီး အကူအညီတောင်းခံ ဖို့ သုံးသပ်ဆွေးနွေးထားတာတွေ ရှိပါတယ်”ဟု Power Eleven ကုမ္ပဏီ ဥက္ကဋ္ဌ ကိုတရုတ်လေးက ပြောသည်။

ယင်းသို့ အကူအညီတောင်းခံခြင်းကို လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်သည့်အချိန်မှသာ ကုမ္ပဏီများ ရေရှည်ရပ်တည်ရေးအတွက်တင်ပြသွားမည်ဖြစ်ပြီး ကုမ္ပဏီများ ဆုံးရှုံးခြင်းအတွက် အကောင်းဆုံး ကုစားနိုင်မည့် နည်းလမ်းများကို အကူအညီ တောင်းခံမည် ဖြစ်ကြောင်း သိရသည်။ Covid-19 ကာလမတိုင်မီက နေ့စဉ် YBS အစီး ၄,၅၀ဝ ကျော်ဖြင့် ပြေးဆွဲ ပေးခဲ့သော်လည်း လက်ရှိအချိန်တွင် အစီးနှစ်ထောင်ကျော်သာ ပြေးဆွဲ နိုင်တော့ကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here