YBS  ယာဉ်လိုင်းအတွင်း  ပြေးဆွဲနေသည့်  တစ်ဦးပိုင်ယာဉ်  အစီးတစ်ထောင်ကျော်ကို လာမည့်နှစ်  ဇန်နဝါရီလ  နောက်ဆုံးထား၍  ကုမ္ပဏီပိုင်ယာဉ်များအဖြစ်  ပြောင်းလဲမည်

989

လာမည့်နှစ် ဇန်နဝါရီလ နောက် ဆုံးထား၍ YBS ယာဉ်များ အားလုံးကို ကုမ္ပဏီပိုင်ယာဉ်များအဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် YBS ဘတ်စ် အစီးလေး ထောင်ဝန်းကျင်တွင် တစ်ဦးပိုင်ယာဉ် အစီးတစ်ထောင်ဝန်းကျင် ကျန်ရှိနေသည့်အတွက် ယင်းတစ်ဦးပိုင်ယာဉ်များကို လာမည့်နှစ် ဇန်နဝါရီလ နောက်ဆုံးထား၍ ကုမ္ပဏီယာဉ်များအဖြစ် ပြောင်းလဲဖွဲ့စည်းမည်ဖြစ်သည့်အပြင် ကြံ့ခိုင်မှုမရှိသည့် ယာဉ်များနေရာတွင်လည်း ယာဉ်အသစ်များဖြင့် အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

”မြို့တွင်း ပြေးဆွဲနေတဲ့ YBS အစီးတစ်ထောင်လောက်က တစ်ဦးပိုင်ယာဉ်တွေ ဖြစ်နေတယ်၊ ဒီကားတွေအကုန်လုံးကို ကုမ္ပဏီကားတွေ ဖြစ်ဖို့အတွက် တစ်ခုချင်းစီကို စတင်ပြောင်းလဲနေပါပြီ၊ ဒီ အတွက်ကိုလည်း စည်းမျဉ်း၊ စည်းကမ်း ထုတ်ထားတာတွေရှိပါတယ်၊ စည်းကမ်းချက်တွေ မလိုက်နာရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း ပြောထားပါတယ်၊ လာမယ့် ဇန်နဝါရီလဆိုရင် ကုမ္ပဏီစနစ်က  ပီပြင်လာမယ်၊ ကတ်စနစ်နဲ့ ငွေပေးချေမှုကိုလည်း စတင်မှာဖြစ်တဲ့အတွက် အရင်ကထက်စာရင် ပိုပြီး အဆင်ပြေတိုးတက်မယ့်  မြို့တွင်း သယ်ယူပို့ဆောင်တဲ့ စနစ်တစ်ခု ဖြစ်လာမှာပါ”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

 

အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန်အတွက် တစ်ဦးပိုင်ယာဉ်များသည် YRTA ထံ လျှောက်လွှာတင်၍ မိမိကြိုက်နှစ်သက်ရာ YBS ကုမ္ပဏီတွင် ဝင်ရောက်ပြေးဆွဲနိုင်ကြောင်း သိရသည်။

 

လက်ရှိပြေးဆွဲနေသည့် YBS ကုမ္ပဏီများထဲတွင် ကုမ္ပဏီကြီး အများစုမှာ အများပိုင် ကုမ္ပဏီစနစ်အဖြစ် ပြေးဆွဲနေသော်လည်း ကုမ္ပဏီငယ်လေးများမှာ အများပိုင်ကုမ္ပဏီစနစ်ဖြင့် ပြေးဆွဲခြင်းမျိုး မဟုတ်ဘဲ တစ်ဦးပိုင်စနစ်ဖြင့်သာ ပြေးဆွဲနေသေးသည့်အတွက် YBS ယာဉ်များအားလုံးကို ကုမ္ပဏီပိုင် ယာဉ်များအဖြစ် ပြောင်းလဲသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here