YBS ယာဉ်လိုင်းများ အားလုံးတွင် Cash Box များထား၍ ယာဉ်စီးခကောက်ခံခြင်းကို သြဂုတ်လမှ စတင်ကျင့်သုံးမည်

509

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များ အားလုံးတွင် ပိုက်ဆံပုံး(Cash Box) များကို ဇူလိုင်လ နောက်ဆုံးထား၍ တပ်ဆင်ရန် ယာဉ်လိုင်းများအား ညွှန်ကြားထားပြီး ယင်းသို့ Cash Box ဖြင့် ယာဉ်စီးခ ကောက်ခံခြင်းကို သြဂုတ်လမှစ၍ကျင့်သုံးမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့ YRTA မှ သိရသည်။

YBS ခရီးသည်တင်ယာဉ်များ အားလုံးတွင် ယာဉ်စီးခပေးချေနိုင် ရန် Cash Box တပ်ဆင်မှုကို ယခု လကုန် နောက်ဆုံးထား၍ အပြီး သတ် တပ်ဆင်ရမည်ဖြစ်ပြီး ယာဉ်များအားလုံးတွင် Cash Box များ တပ်ဆင်ပြီးပါက စပယ်ယာများ ဖယ်ရှားခြင်းကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ် ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

” YBS ယာဉ်တွေ အားလုံး ပိုက်ဆံပုံး တပ်ဖို့အတွက် ယာဉ်လိုင်းအားလုံးကို အကြောင်းကြားထားပြီးပါပြီ၊ ဒီလကုန် နောက်ဆုံးထား တပ်ရမှာပါ၊ စပယ်ယာတွေ ဖယ်ရှားဖို့အတွက် တစ်ဆင့်ချင်း ဆောင်ရွက်သွားမယ်”ဟု ‘ရန်ကုန် တိုင်းဒေသကြီးအများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြော သည်။

YBS ခရီးသည်တင် ယာဉ် လိုင်းများအားလုံးတွင် ပိုက်ဆံပုံးများ တပ်ဆင်ရမည့်အပြင် တစ်ဦးပိုင်ယာဉ်လိုင်များမှ အများပိုင် ကုမ္ပဏီများအဖြစ် ပြောင်းလဲဖွဲ့စည်းရန်အတွက်လည်း YBS ယာဉ်လိုင်း ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီပိုင် ယာဉ်အစီးရေနှင့် ကုမ္ပဏီလက် အောက်တွင် ပြေးဆွဲနေသည့် ပုဂ္ဂလိကတစ်ဦးပိုင် ယာဉ်အစီးရေ များကို YRTA ထံ တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

YBS ယာဉ်လိုင်းများတွင် ကိုယ်ရကိုယ်ယူစနစ်ဖြင့် လုပ်ဆောင်နေခြင်းကို ကုမ္ပဏီပိုင်စနစ်သို့ ပြောင်းလဲရန် ညွှန်ကြားထားသည်မှာ ခြောက်လနီးပါးကြာမြင့်နေပြီဖြစ်သော်လည်း ပုဂ္ဂလိကတစ်ဦးပိုင် ကိုယ်ရကိုယ်ယူစနစ်ဖြင့် ပြေးဆွဲနေသည့်ယာဉ်များရှိနေသေးသည့်အတွက် ကုမ္ပဏီပိုင် အဖြစ်သို့ပြောင်းလဲရန် ယာဉ်အစီးရေ စာရင်းများ ကောက်ယူခြင်းဖြစ်ကြောင်း YRTA မှ သိရသည်။

ထို့ပြင် YBS ခရီးသည်တင် ယာဉ်လိုင်းများတွင် ယာဉ်မတော်တဆမှုများ ရှိလာပါက ထိခိုက်နစ်နာသူများကို ကူညီထောက်ပံ့နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင် အဖွဲ့(YRTA) ဦးဆောင်၍ YBS ယာဉ်လိုင်းများအားလုံးပါဝင်သည့် ရန်ပုံငွေအဖွဲ့ကို ဆက်လက်၍ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း YRTA မှ သိရသည်။

ခရီးသည်တင် ယာဉ်လိုင်းများ ကို မထသစနစ်မှ YBS စနစ်အဖြစ် ဇန်နဝါရီ ၁၆ ရက်မှ စတင်ပြောင်းလဲ ပြေးဆွဲခဲ့ပြီး ယာဉ်လိုင်းပေါင်း ၈၆ လိုင်းမှ ယာဉ်အစီးရေလေးထောင်နီးပါးဖြင့် ပြေးဆွဲလျက်ရှိသည်။

ကြည်ပြာ

 

LEAVE A REPLY

Please enter your comment!
Please enter your name here