YBS ယာဉ်လိုင်းများ၏ အခက်အခဲများကို ဖြေ​လျှော့ပေးနိုင်မည့် ကူညီမှုအချို့ လုပ်ဆောင်ပေးရန် YRTA စီစဉ်နေ

170

 

ရန်ကုန်၊ စက်တင်ဘာ ၂၉

Covid-19 ရောဂါကူးစက်မှု မြင့်မားနေခြင်းနှင့် Stay at Home ကာလ သတ်မှတ်ထားခြင်းတို့ကြောင့် YBS စီး ခရီးသည်များစွာ ကျဆင်းနေပြီး ယာဉ်လိုင်းများရေရှည်ရပ်တည်နိုင်ရေး အခက်အခဲများ ဖြစ်ပေါ်နေရာ ယင်းအခက်အခဲများကို ဖြေ​လျှော့ပေးနိုင်သည့် စီမံမှုမျိုးချမှတ်နိုင်ရေးနှင့် ကူညီမှုအချို့ပေးနိုင်ရန် စီစဉ်နေကြောင်း YRTA မှ သိရသည်။

ယခုကာလအတွင်း YBS ယာဉ်များအတွက် CNG ကို နှုန်းထားတစ်ခု သတ်မှတ်ပြီး ​လျှော့ချရောင်းပေးရန် ပြည်ထောင်စု အစိုးရကို တင်ပြထားသော်လည်း လက်ရှိအချိန်အထိ ထူးခြားမူမရှိသေးကြောင်း သိရသည်။ သို့သော် YBS ယာဉ်လိုင်းများ၏ အခက်အခဲများကို ဆက်လက်တင်ပြသွားမည် ဖြစ်သလို YRTA အနေဖြင့် ကူညီမှု အချို့ပေးနိုင်ရန်အတွက်လည်း စီစဉ်နေကြောင်း သိရသည်။

“CNG ​လျှော့ချရောင်းပေးဖို့ကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ကနေ ပြည်ထောင်စုကို တင်ပြထားတာကြာပါပြီ၊ အခုထိလည်း တင်ပြထားဆဲပါပဲ၊ ဒီကိစ္စအကောင်ထည်ပေါ်မပေါ်တော့ မပြောနိုင်သေးပါဘူး၊ YBS စီးပြည်သူတွေ အဆင်ပြေအောင် ယာဉ်လိုင်းကုမ္ပဏီတွေဘတ်ကလည်း ပြေးဆွဲပေးနေကြပါတယ်၊ YRTA အနေနဲ့ကတော့ သင်္ကြန်တွင်းကာလလိုမျိုး CNG စိုက်ထည့်ပေးဖို့ လျာထားတာ မရှိပေမဲ့ ယာဉ်လိုင်းတွေရဲ့ ရပ်တည်မှုအခက်အခဲအပေါ် စောင့်ကြည့်ပြီး တတ်နိုင်တဲ့ အကူအညီပေးဖို့ လုပ်ဆောင်နေပါတယ်၊ ဘာအကူအညီ ဖြစ်မလဲလို့တော့ ပြောလို့ မရသေးပါဘူး၊ လက်ရှိအချိန်မှာ အခြေအနေတွေက အများကြီးပြောင်းလဲနေတယ်၊ တတ်နိုင်တဲ့ အကူအညီမျိုး လုပ်ဆောင်ပေးဖို့ ရှိပါတယ်” ဟု YRTA တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။

YRTA ကို ပေးသွင်းရမည့် YBS ယာဉ်များ၏ စီမံခန့်ခွဲမှုရန်ပုံငွေအား ဧပြီလမှ စတင်ကာ စက်တင်ဘာလကုန်အထိ ဆိုင်းငံ့ပေးထားခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းအချို့ ပိတ်ထားရကာ Stay at Home ကာလ သတ်မှတ်ထားခြင်းကြောင့် ခရီးသွား မရှိသလောက် လျော့ကျ​နေ​ကြောင်း၊ စက်တင်ဘာ ၂၈ ရက်တွင် YBS စီးခရီးသည် ၈၄,၅၄၅ ဦး ရှိပြီး ယာဉ် ၁,၀၂၇ ဖြင့် ပြေးဆွဲပေးနေခြင်း ဖြစ်​ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here