YBS ယာဉ်လိုင်းများတွင်  ယာဉ်ဟောင်းများဖြင့်  ပြေးဆွဲခွင့်လျှောက်ထားခြင်းကို ခွင့်ပြုပေးတော့မည် မဟုတ်

720

YBS ယာဉ်လိုင်းများအတွင်း ယာဉ်ဟောင်းများဖြင့် ပြေးဆွဲခွင့် လျှောက်ထားခြင်းကို ခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

 

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲရန် လျှောက်ထားသည့် ယာဉ်ဟောင်းများကို ယာဉ်လိုင်းအတွင်း ပြေးဆွဲခွင့်ပြုပေးတော့မည် မဟုတ်သလို ယာဉ်အသစ်များကိုလည်း YRTA ၏ ခွင့်ပြုချက်ဖြင့်သာ ယာဉ်လိုင်းအတွင်း ဝင်ရောက်ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

 

” YBS ယာဉ်လိုင်းတွေမှာ ကားအသစ်တွေကိုပဲ ဝင်ရောက်ပြေးဆွဲခွင့်ပြုမှာပါ၊ ကားအဟောင်းတွေ ခွင့်မပြုတော့ပါဘူး၊ YRTA ခွင့်ပြုချက်မရရင် ယာဉ်လိုင်းအတွင်း ပြေးဆွဲခွင့်မပေးပါဘူး”ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

 

မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်လိုင်းများရှိ ယာဉ်ဟောင်းများကို ဖျက်သိမ်းနိုင်ရန်အတွက် ယာဉ်လိုင်းများထဲမှ သက်တမ်းလွန်ယာဉ်များကို အို/ဟောင်း အဖြစ်အပ်နှံ၍ လူစီးစလစ်ထုတ်ပေးလျက်ရှိပြီး သက်တမ်းမလွန်သေးသော်လည်း ကြံ့ခိုင်မှုမရှိသည့် ယာဉ်များကိုပါ ဖျက်သိမ်းခွင့်ပေးရန် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။

 

လက်ရှိ YBS ခရီးသည်တင်ယာဉ်လိုင်း ကိုးဆယ်ကျော်တွင် ယာဉ်အစီးရေ ၃,၈ဝဝ ဝန်းကျင်ဖြင့် ပြေးဆွဲပေးလျက် ရှိသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here