YBS ယာဉ်လိုင်းများတွင်မောင်းနှင်မည့် ယာဉ်မောင်းများအတွက် YBS အထူးယာဉ်မောင်းသင်တန်း ဖွင့်လှစ်

485

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် မောင်းနှင်မည့် ယာဉ်မောင်းများအတွက် YBS အထူးယာဉ်မောင်းသင်တန်း ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ သိရသည်။

ယာဉ်မောင်းသင်တန်းကျောင်းတွင် တက်ရောက်ရန်အတွက် လာရောက်လျှောက်ထားသည့် သင်တန်းသားဦးရေ လေးရာရှိသည့်အနက် သင်တန်သား ၁ဝ၅ ဦးကို ရွေးချယ်ကာ YBS အထူးယာဉ် မောင်းသင်တန်းကျောင်း အပတ်စဉ်(၁) ကို စတင်ဖွင့်လှစ် သင်ကြားပေးနေပြီဖြစ်ကြောင်း သိရသည်။ ထိုသင်တန်းကျောင်းတွင် ယာဉ် မောင်းသင်တန်းသားများကို ယာဉ် ကြီးများ ကျွမ်းကျင်မောင်းနှင်နိုင်ရန် လေ့ကျင့်သင်ကြားပေးလျက်ရှိသလို ခရီးသည်များကို အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ယဉ်ကျေး လိမ္မာသင်တန်းကိုပါ သင်ကြားပေး လျက်ရှိကြောင်း သိရသည်။

” YBS အထူးယာဉ်မောင်း သင်တန်းမှာ ယာဉ်မောင်းလိုင်စင် သက်တမ်းသုံးနှစ်ရှိတဲ့ (ခ)လိုင်စင် ရှိတဲ့သူတွေကို YBS ယာဉ်လိုင်းတွေမှာ ဝင်ရောက်မောင်းနှင်နိုင်ဖို့အတွက် သင်ကြားပေးတာ ဖြစ်ပါတယ်၊ သင်တန်းကာလကတော့ သုံးပတ်ဖြစ်ပြီး သင်တန်းမှာ ယာဉ်ကြီးတွေကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနှင်နိုင်အောင် ညွှန်ကြားပေးမှာ ဖြစ်သလို ခရီးသည်တွေကို ဆက်ဆံရာမှာလည်း အဆင်ပြေစေဖို့အတွက် ယဉ်ကျေးလိမ္မာသင်တန်းကိုပါ ထည့်သွင်းသင်ကြားပေးတာဖြစ်ပါတယ်”ဟု ‘ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့’ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောသည်။

YBS အထူးယာဉ်မောင်းသင် တန်းကျောင်းကို ယခုလ ၁၇ ရက် တွင် မြောက်ဥက္ကလာပမြို့နယ် ၆-ကွေ့ မှတ်တိုင်အနီးရှိ (ကပရ) ဝင်းအတွင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယင်းသင်တန်းကို တက်ရောက်သင် ကြားခွင့်ရခဲ့သူများမှာ သင်တန်း ကာလပြီးဆုံးပါက သက်ဆိုင်ရာ ကညနရုံးများတွင် စီးတီးဘတ်စ် မောင်းနှင်နိုင်သည့် အရည်အချင်း ရှိ၊ မရှိ စာတွေ့၊ လက်တွေ့ ဖြေဆိုရမည်ဖြစ်သည်။ အောင်မြင်စွာ ဖြေဆိုနိုင်မှသာ သင်တန်းမှ YBS ယာဉ်လိုင်းများတွင် မောင်းနှင်ခွင့်ရသည့် သင်တန်းဆင်းလက်မှတ်ကို ထုတ်ပေးမည်ဖြစ်သည်။

”သင်တန်းသားတွေ အနေနဲ့ စီးတီးဘတ်စ် မောင်းနှင်နိုင်တဲ့ အရည်အချင်းတွေနဲ့ ပတ်သက်ပြီး စာတွေ့/လက်တွေ့ဖြေဆိုမှု အောင် မြင်ရင် YBS ယာဉ်လိုင်းတွေမှာ မောင်းနှင်ခွင့်ရတဲ့ သင်တန်းဆင်း လက်မှတ်ရမှာဖြစ်ပေမဲ့ (င)လိုင်စင်ကိုတော့ ငါးနှစ်ပြည့်မှ ထုတ်ယူခွင့်ရမှာ ဖြစ်ပါတယ်၊ သင်တန်းသားတွေက လိုင်စင်သက်တမ်း သုံးနှစ်ပဲ ရှိသေးတဲ့အတွက် မော်တော်ယာဉ်ဥပဒေအရ ယာဉ်မောင်းလိုင်စင်သက်တမ်း ငါးနှစ်မပြည့်တာကြောင့် (င) လိုင်စင်ကို ထုတ်ပေးမှာမဟုတ်ပါဘူး”ဟု ‘ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (မြင်သာ)’မှ တိုင်းဦးစီးမှူး ဦးသိန်းဦးက ဆိုသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here