YBS ယာဉ်လိုင်းများတွင်ပြေးဆွဲရန် ကနဦးမှတ်ပုံတင်ပြုလုပ်ထားသည့် ဘတ်စ်အစီး နှစ်ထောင်ကျော်ရှိ

483

YBS စနစ်သစ်အဖြစ် စတင်ပြောင်းလဲပြေးဆွဲချိန်မှ လက်ရှိအချိန်အထိ ယာဉ်လိုင်းများတွင် ဝင်ရောက်ပြေးဆွဲရန် ကနဦးမှတ်ပုံတင်ပြုလုပ်ထားသည့် ဘတ်စ်အစီးနှစ်ထောင်ကျော်ရှိပြီဖြစ်ကြောင်း ကနဦးမှတ်ပုံတင်ဌာန (ရွာသာကြီး)မှ သိရသည်။

 

YBS စနစ်ကို ဇန်နဝါရီ ၁၆ ရက်မှ စတင်ပြောင်းလဲ ပြေးဆွဲခဲ့ရာ ပြည်ပမှ ယာဉ်သစ်များ မှာယူခြင်း၊ ကြံ့ခိုင်မှုရှိသည့်ယာဉ်ဟောင်းများကို အပ်နှံခွင့်ပေးပြီး ယာဉ်သစ်များဖြင့် အစားထိုး မှာယူပြေးဆွဲခြင်းများ ပြုလုပ်ခဲ့ရာ စက်တင်ဘာ ၆ ရက်အထိ ကနဦးမှတ်ပုံတင် ပြုလုပ်သည့်အစီးရေမှာ ၂,၁၃၈ စီးအထိရှိပြီဖြစ်ပြီး ထိုဘတ်စ်အားလုံးမှာ ယာဉ်လိုင်းအသီးသီးတွင် ဝင်ရောက်ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။

 

”ယာဉ်လိုင်းတွေမှာပြေးဆွဲဖို့ ကနဦးမှတ်ပုံတင် လာလုပ်ထားတဲ့ City Bus နှစ်ထောင်ကျော် ရှိနေပါတယ်၊ ဘတ်စ်အစီး နှစ်ထောင်ကျော်ထဲမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းထားတဲ့ အစီးတစ်ထောင်နဲ့ Omini Focus ကုမ္ပဏီက အစီးတစ်ရာ ပါဝင်ပါ တယ်”ဟု ကနဦးမှတ်ပုံတင်ဌာန ရွာသာကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ရန်ကုန်မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ ပြေးဆွဲခြင်းကို မထသစနစ်မှ YBS ဘတ်စ်စနစ်သစ်အဖြစ် ပြေးဆွဲမှုစတင်ခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်အထိ ခရီးသည်ယာဉ်လိုင်းများတွင် ပါဝင်ပြေးဆွဲရန်အတွက် ဘတ်စ်များ ကနဦးမှတ်ပုံတင် ပြုလုပ်ရာ၌ ဖေဖော်ဝါရီလတွင် ၉၄ စီး၊ မတ်လတွင် ၁၉၃ စီး၊ ဧပြီလတွင် ၁ဝ၄ စီး၊ မေလတွင် ၂၅၃ စီး၊ ဇွန်လတွင် ၁,၁၇၄ စီး၊ ဇူလိုင်လတွင် ၁၅၅ စီး၊ သြဂုတ်လတွင် အစီး ၁၅ဝ နှင့် စက်တင်ဘာ ၁ ရက်မှ ၅ ရက် အထိ ၁၅ စီးရှိကြောင်း သိရသည်။

ကြည်ပြာ၊ ရဲထွန်းကျော်

 

LEAVE A REPLY

Please enter your comment!
Please enter your name here