ရန်ကုန်၊ မေ ၃၀
Covid 19 ကာလအတွင်း YBS ယာဉ်များကို CNG အခမဲ့ ထည့်ခွင်ပေးပါက ရုံးတက်ရုံးဆင်းအချိန်များတွင် ယာဉ်စုပေါင်းပြေးဆွဲသည့်စနစ်ဖြင့်ပြေးဆွဲပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့မှ သိရသည်။
လက်ရှိတွင် YBS စီးနင်းသည့် ခရီးသည်အရေအတွက်အပေါ်မူတည်ပြီး မျှတမူရှိအောင် ယာဉ်များပြေးဆွဲပေးနေသော်လည်း ရုံးတက်ရုံးဆင်း အချိန်များတွင် အဆင်မပြေမူများ ရှိနေသည့်အတွက် ယခုကာလအတွင်း CNG အခမဲ့ ထည့်ခွင်ပေးပါက ရုံးတက်ရုံးဆင်းအချိန်များကို အဓိကထားပြီး ယာဉ်များစုပေါင်း ပြေးဆွဲသည့်စနစ်ဖြင့် ပြေးဆွဲပေးနိုင်မည်ဖြစ်ကြောင်း YRTA ကသိရသည်။
” YBS ကုမ္ပဏီတွေရော၊ ပိုင်ရှင်တွေရော ဧပြီလကတည်းက စပြီး အရူံးနဲ့ရင်ဆိုင်ကြရတယ်၊ ရတဲ့ယာဉ်စီးခဝင်ငွေက ယာဉ်လုပ်သားစရိတ်နဲ့ CNG ဖိုးလောက်ပဲရကြတယ်၊ ဝန်ထမ်းစရိတ်တို့၊ ကားပြင်ဆင်စရိတ်နဲ့ တခြားစရိတ်တွေက စိုက်ထုတ်နေရတဲ့အနေအထားမှာရှိတယ်၊ အဲ့ဒါကြောင့် ယာဉ်တွေကို တွက်ချက်ပြီးပြေးဆွဲနေရတယ်၊ စီးတဲ့ခရီးသည်အပေါ်မူတည်ပြီး ကားတွေ လောက်အောင်ပြေးဆွဲပေးပေမဲ့ ရုံးတက်ရုံးဆင်းအချိန်တွေကျေတာ့ ကျန်းမာရေးနဲ့ညီညွတ်အောင် စီးလို့မရတာတွေရှိတယ်၊ အဲဒါကြောင့် CNG သာအစိုးရက အခမဲ့ထည့်ခွင့်ပေးမယ်ဆိုရင် ကားတွေအားလုံးစုပြီး ရုံးတက်ရုံးဆင်းအချိန်ကို အဓိကထားပြေးဆွဲပေးဖို့် စီစဉ်မယ် ” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမူ အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
Covid 19 ကာလအတွင်း YBS ယာဉ်များကို CNG အခမဲ့ ထည့်ခွင့်၊ ဒါမှမဟုတ် ဈေးနူန်းလျော့ချရောင်းပေးရန်အတွက် ဧပြီလအတွင်း ပြည်ထောင်စုအစိုးရကို တင်ပြထားသော်လည်း တစ်လကျော်ကြာသည်အထိ တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း YRTA ကသိရသည်။
အရူံးနှင့်ရင်ဆိုင်နေရသည့်YBS ယာဉ်လိုင်းကုမ္ပဏီများ ရေရှည်ရပ်တည်နိုင်ရေးအတွက် အစိုးရမှ CNG ထောက်ပံ့ခြင်း၊YRTA မှကောက်ခံသည့် စီမံခန့်ခွဲမူ ရန်ပုံငွေ ရပ်ဆိုင်းပေးခြင်းနှင့်ကုမ္ပဏီများမှ စနစ်တကျစီမံခန့်ခွဲပြေးဆွဲခြင်းတို့ လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရသည်။
ကြည်ပြာ