YBS တစ်ဦးပိုင်ယာဉ်များကို ရာဖြတ်တန်ဖိုးသတ်မှတ်၍ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းမည်

745

ရန်ကုန်၊ ဖေဖော်ဝါရီ
တစ်ဦးပိုင်ယာဉ်များကို ရာဖြတ်တန်ဖိုး သတ်မှတ်၍ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းနိုင်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

YBS ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေသည့် တစ်ဦးပိုင်ယာဉ် များကို ကားတစ်စီးချင်းစီအလိုက် ရာဖြတ်တန်ဖိုးသတ်မှတ်၍ အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန် စီစဉ်နေကြောင်း သိရသည်။

”တစ်ဦးပိုင်ယာဉ်တွေကို အများပိုင်ကုမ္ပဏီအဖြစ် ဒီနှစ်ထဲမှာ အဓိကထားပြီး ဖွဲ့စည်းမှာပါ၊ တစ်ဦးပိုင်တွေကို အများပိုင်ကုမ္ပဏီ ဖွဲ့စည်းဖို့ လုပ်ဆောင်ရတာ အရမ်းခက်ခဲပါတယ်၊ သူတို့အတွက်လည်း မနစ်နာအောင် လုပ်ဆောင်ရတယ်၊ ဒါကြောင့် ရာဖြတ်တန်ဖိုးသတ်မှတ်ဖို့ကို စနစ်တကျ စီစဉ်နေပါတယ်” ဟု YRTA မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေသည့် တစ်ဦးပိုင်ယာဉ်များကို အများပိုင်ဖွဲ့စည်းရာတွင် ယာဉ်တစ်စီး ချင်းစီအလိုက် တန်ဖိုးသတ်မှတ်၍ အများပိုင်အဖြစ် ပါဝင်ပြေးဆွဲရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် တန်ဖိုးအလိုက် ဝင်ငွေအချိုးကျ ပြန်လည်ရရှိမည်ဖြစ်ကြောင်း သိရသည်။

YBS ယာဉ်လိုင်းအတွင်း အများပိုင်ဖွဲ့စည်းရန် ကျန်ရှိနေသည့် တစ်ဦးပိုင်ယာဉ်များ အားလုံးကို ယခုနှစ်အတွင်း အများပိုင်အဖြစ် ဖွဲ့စည်းမည်ဖြစ်ပြီး ထိုသို့ဖွဲ့စည်းရာတွင် YBS ယာဉ်များအတွက် ချမှတ်ထားသည့် စည်းကမ်းချက်များ နှင့်ကိုက်ညီသည့် ယာဉ်များကိုသာ အများပိုင်ကုမ္ပဏီ အဖွဲ့အစည်းတွင် ပါဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

YBS ခရီးသည်တင် ယာဉ်လိုင်းများအတွင်း ပြေးဆွဲနေသည့် ကုမ္ပဏီပိုင်ယာဉ် အစီးရေနှင့် တစ်ဦးပိုင် ယာဉ်အစီးရေကို YRTA မှ စာရင်း ကောက်ယူခဲ့ရာ ယင်းစာရင်းများအရ တစ်ဦးပိုင်အဖြစ်ပြေးဆွဲနေသည့် ယာဉ်အစီးရေတစ်ထောင် ကျော်ရှိကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here