YBS စီးခရီးသည် စီးနင်းမှု ကျဆင်းနေဆဲဖြစ်ပြီး ယာဉ်လိုင်းကုမ္ပဏီများ ရေရှည်ရပ်တည်နိုင်ရန် အခက်အခဲရှိဟုဆို

109

 

 

ရန်ကုန်၊ နိုဝင်ဘာ ၂၁

Covid-19 ပထမလှိုင်း ဖြစ်ပွားပြီးနောက်ပိုင်းတွင် YBS စီး ခရီသည် ဦးရေ ၁၁ သိန်းကျော်အထိ ပြန်လည်မြင့်တက်ခဲ့သော်လည်း Covid-19 ဒုတိယလှိုင်း စတင်ချိန်တွင် ခရီးသွားများ ပြန်လည်လျော့ကျလာခဲ့ရာမှ လက်ရှိအချိန်၌ YBS စီးခရီးသည် သုံးသိန်းကျော်သာရှိပြီး ရေရှည်ရပ်တည်နိုင်ရန် ခက်ခဲနေကြောင်း YBS ယာဉ်လိုင်း ကုမ္ပဏီများထံမှ သိရသည်။

YBS စီးခရီးသည်များ လျော့ကျနေသည့်အတွက် ယာဉ်လိုင်းအချို့ ပြေးဆွဲခြင်း ခေတ္တရပ်ဆိုင်းထားရသလို ပြေးဆွဲနေသည့်ယာဉ်လိုင်းများမှာ YBS စီးခရီးသည်အပေါ်မူတည်ပြီး အစီးရေ လျှော့ချပြေးဆွဲနေရခြင်းဖြစ်သည်။ ယင်းကဲ့သို့သော အခြေအနေများကြောင့် YBS ယာဉ်လိုင်း၊ ကုမ္ပဏီများ အရှုံးနှင့်ဆက်တိုက်ရင်ဆိုင်နေရပြီး ရေရှည်ရပ်တည်နိုင်ရန်အတွက် အခက်အခဲများရှိနေကြောင်း YBS ယာဉ်လိုင်းကုမ္ပဏီများမှ သိရသည်။

” ကုမ္ပဏီက ယာဉ်လိုင်းအားလုံး ပြေးဆွဲပေးပါတယ်၊ YBS စီးတဲ့ခရီးသည်အရေအတွက်အပေါ်မူတည်ပြီး အစီးရေကိုတော့ လျှော့ချပြေးဆွဲရပါတယ်၊ ခရီးသည်မရှိဘဲ ကားတွေဒီအတိုင်း ပြေးဆွဲဖို့ကတော့အဆင်မပြေပါဘူး၊ ကားတစ်စီးပြေးဆွဲပြီဆိုကတည်းက ကုန်ကျစရိတ် အများကြီးရှိပါတယ်၊ ဒီကာလမှာက အကုန်လုံး အရှုံးဆက်တိုက် ရင်ဆိုင်နေကြရတာပါ၊ အစိုးရဆီက CNG အတွက် ဈေးလျှော့ပေးဖို့ တင်ထားတာ အခုထိမထူးခြားပါဘူး၊ တခြားထောက်ပံ့တာမျိုးလည်း မရပါဘူး၊ ပို့ဆောင်ရေးလုပ်ငန်းဖြစ်တာကြောင့် ဝန်ဆောင်မှုအနေနဲ့ မဖြစ်မနေပြေးဆွဲကြရမှာဖြစ်ပေမဲ့ ဒီလိုအခြေအနေမျိုး ကာလကြာရှည် ရင်ဆိုင်ရမယ်ဆိုရင်တော့ ရေရှည်ရပ်တည်ဖို့အတွက် အခက်အခဲတွေလည်းရှိပါတယ်၊ လက်ရှိမှာလည်း ကြိုးစားရုန်းကန်နေကြရပါတယ် ” ဟု YUPT ကုမ္ပဏီ ဥက္ကဌ ဦးဇော်ထွန်းက ပြောသည်။

Covid-19 ကာလအတွင်း ကုမ္ပဏီများ အရှုံးနှင့်ဆက်တိုက်ရင်ဆိုင်နေရပြီး အခက်အခဲများဖြစ်ပေါ်နေသောကြောင့် YRTA အနေဖြင့် စီမံခန့်ခွဲမှုစရိတ်ကို နိုဝင်ဘာလကုန်အထိဆိုင်းငံ့ပေးထားသလို ယာဉ်မောင်းများကိုလည်း ဆန်၊ ဆီ ရိက္ခာထောက်ပံ့ခြင်းများပြုလုပ်ပေးထားသည်။ ထို့ပြင် YBS ယာဉ်များသုံးစွဲနေသည့် CNG ကို ဈေးနှုန်းလျှော့ချရောင်းပေးရန် ပြည်ထောင်စုအစိုးရထံ တင်ပြထားသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှု မရှိသေးကြောင်း သိရသည်။

ယခင်က ရန်ကုန်အတွင်း နေ့စဉ်ခရီးသွားဦးရေ ၁ ဒသမ ၉ သန်း မှ ၂ ဒသမ ၅ သန်းဝန်းကျင်အထိရှိခဲ့ရာ Covid-19 ကူးစက်ရာဂါကြောင့် ခရီးသွားဦးရေ သိသိသာသာကျဆင်းလာခဲ့ပြီး လက်ရှိတွင် နေ့စဉ်ခရီးသွားဦးရေ သုံးသိန်းကျော်သာ ရှိကြောင်း သိရသည်။

ကြည်ပြာ

ဓာတ်ပုံ-ဆန်းအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here