YBS စီးခရီးသည် ငါးသိန်းကျော်အထိ စီးနင်းမှုပြန်လည် မြင့်တက်လာ

138

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၅
ရန်ကုန်မြို့တွင်း သွားလာနေကြသည့် YBS စီး ခရီးသည် ငါးသိန်း ကျော် ပြန်လည် မြင့်တက်လာပြီး ခရီးသည်တင် ယာဉ်အစီးထက်ဝက်ကျော် ပြန်လည် ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

Covid-19 ဒုတိယလှိုင်း စတင်ခဲ့သည့်နောက်ပိုင်း YBS စီး ခရီးသည် မရှိသလောက်လျော့ကျသွားခဲ့သည်။ ထို့နောက် နိုဝင်ဘာလတွင် လုပ်ငန်းအချို့ ပြန်လည်ဖွင့်လှစ်လာခဲ့သလို ခရီးသည် တဖြည်းဖြည်းတိုးလာခဲ့ကာ လက်ရှိတွင် YBS စီးခရီးသည် ငါးသိန်းကျော် ပြန်လည် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ထိုနည်းတူ YBS ယာဉ်အစီး သုံးထောင်ကျော်ဖြင့် ပြန်လည်ပြေးဆွဲပေးနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

“YBS စီးတဲ့ခရီးသည် အနည်းငယ် ပြန်တိုးလာပါတယ်၊ လုပ်ငန်းတချို့ကလည်း ပြန်ဖွင့်နေပြီဖြစ်တဲ့အတွက် လုပ်ငန်း လိုအပ်ချက်အရ လုပ်ငန်းခွင်ကို သွားလာကြတာတွေ ရှိလာတယ်၊ တိုးလာတဲ့ ခရီးသည်နှင့်အညီ ကားတွေကိုလည်း တိုးပြီး ပြေးဆွဲပေးနေပါတယ်၊ အစီး သုံးထောင်အထိ ပြန်ပြေးဆွဲနေပါ ပြီ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ် ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
Covid-19 ကာလ မတိုင်မီနေ့စဉ် YBS စီးခရီးသည် ၁ ဒသမ ၉ သန်းမှ ၂ ဒသမ ၅ သန်းအထိ ရှိခဲ့သည်။ ထို့နောက် Covid-19 ဂယက်ကြောင့် မတ်လကုန်ပိုင်းက စတင်ကာ ခရီးသွားဦးရေ တဖြည်းဖြည်းကျဆင်းခဲ့ရာ ဧပြီလနှင့် မေလများတွင် မြို့တွင်းခရီးသွား ၂၀ ရာ ခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။ ယင်းနောက် ရောဂါကူးစက်မှု လျော့ကျလာခြင်းနှင့်အညီ ဇူလိုင်လတွင် ခရီးသွားဦးရေ ၁၁ သိန်းအထိ ပြန်လည် ရှိလာခဲ့သည်။

ထို့နောက် Covid-19 ဒုတိယလှိုင်းကြောင့် စက်တင်ဘာလလယ်ပိုင်းတွင် ခရီး သွားဦးရေ တစ်သိန်းကျော်ဝန်းကျင် အထိ ကျဆင်းသွားခဲ့ကာ ဒီဇင်ဘာလ၌ ခရီးသည် အနည်းငယ်မြင့် တက်လာခဲ့ပြီး လက်ရှိတွင် YBS စီး ခရီးသည် တစ်နေ့လျှင် ငါးသိန်းကျော် ရှိလာပြီဖြစ်သည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here