YBS စနစ်ကို သိသာသော ပြောင်းလဲမှု ဖြစ်လာစေရန် အဓိက စီမံချက် သုံးချက် ချမှတ် ဆောင်ရွက်မည်

882

ရန်ကုန်၊ မတ်
ယခုနှစ်အတွင်း YBS စနစ်ကို သိသာသော ပြောင်းလဲမှု ဖြစ်လာစေရန်အတွက် အဓိက စီမံချက် အချက် သုံးချက် ချမှတ်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

YBS စနစ်ကို ၂ဝ၁၈ ခုနှစ် အတွင်း သိသာသော ပြောင်းလဲမှု ဖြစ်စေရန်အတွက် YBS ယာဉ်လိုင်း ပြေးဆွဲခြင်းတွင် အဓိက အချက်များဖြစ်သည့် တစ်ဦးပိုင်ယာဉ်များကို အများပိုင်ကုမ္ပဏီ ဖွဲ့စည်းခြင်း၊ ယာဉ်စီးခကို ကတ်စနစ်ဖြင့် ပေးချေခြင်းနှင့် YBS ယာဉ်များအတွက် သီးသန့် ယာဉ်ရပ်နားကွင်း ဖော်ဆောင်ခြင်းတို့ကို စီမံချက်အနေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

” YBS စနစ် အပြည့်အဝ မပြောင်းလဲနိုင်တာ တစ်ဦးပိုင်ယာဉ်တွေနဲ့ အများကြီးသက်ဆိုင်တယ်၊ ကုမ္ပဏီပိုင်ယာဉ်တွေမှာ မောင်းနှင်တဲ့ ယာဉ်မောင်းတွေက လခစားဆိုတော့ ပြိုင်မောင်း/လုမောင်းတာတွေ မရှိဘူး၊ အုပ်ချုပ်တာကလည်း စနစ်တစ်ခု အောက်မှာဆိုတော့ အဆင်ပြေတယ်၊ တစ်ဦးပိုင်ယာဉ်တွေကတော့ တစ်ဦးတစ်ယောက်စီ ပိုင်တာတွေ ဖြစ်တဲ့အတွက် ကိုယ်ရကိုယ်ယူစနစ်နဲ့ ပြေးဆွဲနေကြတာပါ၊ ဒါကြောင့် ဒီနှစ်မှာ တစ်ဦးပိုင်ကနေ အများပိုင် ဖွဲ့စည်းတာတွေ၊ ယာဉ်စီးခကို ကတ်စနစ်နဲ့ ပေးချေတာတွေ၊ YBS သီးသန့် ယာဉ်ရပ်နားကွင်း ဆောက်လုပ်တာတွေကို စီမံချက်အနေနဲ့ ဆောင်ရွက်မှာပါ”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

YBS စနစ်ဖော်ဆောင်ခဲ့သည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သော်လည်း သိသာသည့် ပြောင်းလဲမှုမရှိခြင်းမှာ တစ်ဦးပိုင်ယာဉ်များက ပုံစံအမျိုးမျိုးနှင့်ပြေးဆွဲနေသည့်အတွက် ထိုယာဉ်များကို အများပိုင်ကုမ္ပဏီ ဖွဲ့စည်းရန် အထူးကြပ်မတ် ဆောင်ရွက်မည် ဖြစ်သည်။ ထို့ပြင် ယာဉ်စီးခကို ကတ်ဖြင့်ပေးချေခြင်းနှင့် YBS ယာဉ်များ လမ်းမပေါ်တွင် ရပ်နားထားခြင်းများ မရှိစေရန်လည်း YBS သီးသန့်ယာဉ်ရပ်နားစခန်းများကို မြို့နယ်အလိုက် ဆောက် လုပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ပြေးဆွဲနေ သည့် YBS ယာဉ်လိုင်းပေါင်း ကိုးဆယ်ကျော်တွင် အများပိုင်ကုမ္ပဏီ ၂၂ ခုရှိသော်လည်း တစ်ဦးပိုင်ယာဉ် တစ်ထောင်ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here