ရန်ကုန်၊ စက်တင်ဘာ ၂၃
Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် အသုံးပြုရန် Yaung Ni Oo Automobile (DFSK Myanmar)မှ Phillips တံဆိပ် အသက်ရှူစက် တစ်လုံးကို စက်တင်ဘာ ၂၃ ရက်(ယနေ့)တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
Covid-19 ရောဂါကူးစက်မှု စတင်ခဲ့သည့် မတ်လဆန်းတွင် Phillips တံဆိပ် အသက်ရှူစက်တစ်လုံးလျှင် ကျပ်သိန်း ၁၅၀ ဖြင့် နှစ်လုံးဝယ်ယူခဲ့ပြီး ပထမ တစ်လုံးကို ဖောင်ကြီး Covid-19 ကုသရေးစင်တာသို့ ဧပြီလကုန်က လှူဒါန်းခဲ့ပြီး ကျန်တစ်လုံးကို ယခု ထပ်မံလှူဒါန်းခဲ့ခြင်း ဖြစ်သည်။
“Covid-19 ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် Phillips တံဆိပ် အသက်ရှူစက် တစ်လုံးကို ထပ်ပြီးလှူဒါန်းခဲ့တာဖြစ်ပါတယ်၊ ဒါ့ပြင် Covid-19 ကုသရေးမှာ ဆရာဝန်တွေအတွက် ဘုန်းကြီးလမ်းမှာရှိတဲ့ အကျယ် ၂၅’x၅၀’ တိုက်ခန်း နှစ်ခန်းကို လိုအပ်တဲ့အချိန်အထိ အသုံးပြုဖို့ ရန်ကုန်တိုင်းဒေသကြီး Covid-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီ(ဒုတိယဥက္ကဋ္ဌ)၊ ဆေးတက္ကသိုလ် (၁)ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးကတစ်ဆင့် လှူဒါန်းခဲ့ပါတယ် ” ဟု Yaung Ni Oo Automobile ၏ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ဝင်းက ပြောသည်။
ထို့ပြင် Yaung Ni Oo Automobile (DFSK Myanmar)သည် ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်သလို အသုံးပြုနိုင်ရန် တာမွေမြို့နယ်ရှိ Hotel YNO(၃၆ခန်း)ကိုလည်း လှူဒါန်းထားကြောင်း သိရသည်။
ဆန်းသစ်အောင်
ဓါတ်ပုံ-ဦးအောင်ဝင်း Facebook.