Yangon Water Bus ပြန်လည်ပြေးဆွဲရာတွင် ရေယာဉ်တင်ဆောင်နိုင်သည့် ခရီးသည်၏တစ်ဝက်သာ တင်ဆောင်မည်ဖြစ်ပြီး ယာဉ်စီးခအပြောင်းအလဲရှိမည်

718

 

ရန်ကုန်၊ မေ ၂၉

Water Bus ကို ဇွန်လ အတွင်း စတင်ပြေးဆွဲမည်ဖြစ်ပြီး Covid-19 ကာကွယ်ရေးအတွက် ရေယာဉ်တင်ဆောင်နိုင်သည့် ခရီးသည်၏ တစ်ဝက်သာ တင်ဆောင်ပြေးဆွဲမည်ဖြစ်သလို Mask မတပ်ဆင်ပါက ရေယာဉ်စီးနင်းခွင့်ရရှိမည် မဟုတ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။

ရန်ကုန်မြစ်အတွင်း ပြေးဆွဲခွင့်ရရှိထားသည့် Yangon Water Bus ကို ဇွန်လ ဒုတိယပတ်တွင် စတင်ပြေးဆွဲနိုင်ရန် စီစဉ်နေပြီး ကနဦး ခရီးစဉ်အဖြစ် ဗိုလ်တစ်ထောင်၊ ပန်းဆိုးတန်း၊ လမ်းသစ်၊ ဆာပါချောင်၊ အံကြီး ဆိပ်ကမ်း ငါးခုကိုချိတ်ဆက်ပြေးဆွဲမည်ဖြစ်သည်။ ယင်းခရီးစဉ်တွင် ယခင်ကလို အရူံးခံကာလအဖြစ် ပြေးဆွဲမည်မဟုတ်သည့်အတွက် ယာဉ်စီးခ အပြောင်းအလဲရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

“အခုပြန်လည်ပြေးဆွဲချိန်မှာ အရင်လို အရူံးခံပြီး ပြေးဆွဲမှာမဟုတ်ဘူး၊ အဲဒီအတွက် ပြန်ညှိပြီး ယာဉ်စီးခ အပြောင်းအလဲရှိနိုင်တယ်၊ ကျောင်းသားတွေအတွက်ကိုတော့ သက်သာတဲ့ဈေးနူန်းတစ်ခု သတ်မှတ်ပြေးဆွဲပေးမှာပါ၊ အခုပြေးဆွဲမယ့် သင်္ဘောက ခရီးသည် ၈၅ ယောက်ဆံ့တယ်၊ Covid-19 ကာလမှာတော့ ခရီးသည် လေးဆယ်လောက်ပဲတင်မယ်၊ ခရီးသည်တွေ အားလုံး Mask တပ်ရမယ်၊ မတပ်ရင် စီးခွင့်မပေးဘူး၊ င်္ဘောပေါ်အတက်အဆင်းမှာလည်း လက်ဆေးကန်တွေ ထားပေးမယ်”ဟု တင့်တင့်မြန်မာ ကုမ္ပဏီ ဥက္ကဌ ဒေါ်တင့်တင့်လွင်က ပြောသည်။

ယခင်က Water Bus ပြေးဆွဲရာတွင် စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး အခက်အခဲများရှိခဲ့သောကြောင့် စီမံခန့်ခွဲမူ အသစ်များပြန်လည်ဖွဲ့စည်းပြီး စနစ်တကျ ပြေးဆွဲမည်ဖြစ်သည်၊ ယင်းအပြင် KBZ Pay ၊ CB Pay ၊ Wave Money Account များဖြင့် လက်မှတ်ကြိုတင် ဝယ်ယူနိုင်မည့် စနစ်များပါရှိမည်ဖြစ်ကြောင်း တင့်တင့်မြန်မာ ကုမ္ပဏီမှ သိရသည်။

Yangon Water Bus ကို တင့်တင့်မြန်မာ ကုမ္ပဏီက နှစ် နှစ်ဆယ် လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားခြင်း ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် စတင်ပြေးဆွဲခဲ့ခြင်းဖြစ်သည်။ ထို့နောက် Water Bus လမ်းကြောင်းနှင့် YBS မှတ်တိုင်တို့ ချိတ်ဆက်မမိခြင်းနှင့် ငမိုးရိပ်ချောင်းနှင့် သန်လျင်ခရီးစဉ်အတွက် ဂျက်တီအဆင်မပြေမူများကြာင့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here