Yangon Vehicle Quota Certificate ဖြင့် ရန်ကုန်လိုင်စင်ကားများ ထုတ်ပေးရာတွင် အစီးအရေအတွက် အကန့်အသတ်မထားဘဲ ခွင့်ပြုမည်

2345

ရန်ကုန်၊ ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ Yangon Vehicle Quota Certificate (YVQC) ဖြင့် ရန်ကုန် လိုင်စင်ကားများ ထုတ်ပေးရာတွင် အစီးအရေအတွက် အကန့်အသတ် မထားဘဲ ခွင့်ပြုပေးမည်ဖြစ်ကြောင်း ကားလုပ်ငန်းရှင်များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ရန်ကုန်လိုင်စင်ဖြင့် မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သော မူဝါဒ ချမှတ်အကောင်အထည်ဖော် ရေးအစည်းအဝေးကို ဖေဖော်ဝါရီ ၂ဝ ရက်က ကျင်းပခဲ့သည်။ အစည်းအဝေးတွင် ကားလုပ်ငန်းရှင်များက ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုတွင် အစီး ၉,၅ဝဝ ဝန်းကျင်သာရှိသောကြောင့် ယခုနှစ်အတွက် ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းခွင့်ပြုရာ၌လည်း အစီးရေ အကန့်အသတ်မထားဘဲ တင်သွင်းခွင့်ပြုရန် တောင်းဆိုခဲ့ရာ ဝန်ကြီးချုပ်က ကန့်ကွက်မှုမရှိကြောင်း သိရသည်။

” YVQC နဲ့ ရန်ကုန်လိုင်စင်ထုတ်ပေးတာကို အရေအတွက် အကန့်အသတ်မရှိဘဲ ခွင့်ပြုပေးဖို့ ကားလုပ်ငန်းရှင်တွေက တင်ပြဆွေးနွေးမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း မကန့်ကွက်ခဲ့ပါဘူး၊ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း တစ်နှစ် အစီးရေ ဘယ်လောက် တင်သွင်းရမယ်ဆိုတာ ကားအရောင်းပြခန်းတွေ၊ ကားအရောင်းစင်တာတွေကို အရေအတွက် ကန့်သတ်ထားတဲ့အတွက် ကားတွေအများကြီး ဝင်မလာနိုင်ပါ ဘူး၊ YVQC စနစ်မှာ ရန်ကုန်လိပ်စာဝင် ကားတွေကို ခွင့်ပြုပေးမယ် ဆိုရင်တောင် ကားသစ်တွေကိုပဲ ဦးစားပေးဖို့ ရှိပါတယ်”ဟု YVQC နှင့်ပတ်သက်ပြီး ပြုလုပ်ခဲ့သည့် အစည်းအဝေးကို တက်ရောက်ခဲ့ သူ AADA အသင်း ဒုတိယဥက္ကဌဦးအေးထွန်းက ဆိုသည်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းမှုကို အစီးရေ အကန့်အသတ် မရှိဘဲ ခွင့်ပြုပေးမည်ဖြစ်သော်လည်း ထုတ်လုပ်သက်တမ်း နှစ်နှစ်ဆယ်ကျော် အပ်ကားစာရင်းတွင် ပါဝင်နေသော ကားများကိုမူ နှစ်လဲသက်တမ်းတိုး ပြုလုပ်ရာတွင် အခွန်တိုးမြင့် ကောက်ခံရန် စီစဉ်နေကြောင်း သိရသည်။ YVQC စနစ် ဖြင့် ရန်ကုန်လိုင်စင် ခွင့်ပြုပေးရာ တွင် အင်ဂျင်ပါဝါအလိုက် အခွန် ခွဲခြားကောက်ခံမည်ဖြစ်ရာ လူစီး ယာဉ်အုပ်စုထဲမှ ၁၆ဝဝ စီစီနှင့် အောက် ကားများကို ကျပ်သိန်း သုံးဆယ်၊ ၁၆ဝ၁ စီစီမှ ၃ဝဝဝ စီစီအထိ ကားများကို ကျပ်သိန်း ခြောက်ဆယ်နှင့် ၃ဝဝဝ စီစီ အထက် ကားများကို ကျပ်သိန်း ကိုးဆယ် သတ်မှတ်ထားပြီး လုပ်ငန်း သုံးပစ်ကပ်၊ ထရပ်ကားများထဲမှ ၂၅ဝဝ စီစီအောက် ကားများကို ကျပ် ၁ဝ သိန်း၊ မီနီဘတ်စ်(၁၅ ယောက်စီးအောက်)ကို ကျပ် ၁၅ သိန်း သတ်မှတ်ထားကြောင်း၊ ပြည်တွင်းထုတ် SKD ကားများကို လူစီးယာဉ်များ၏ ၁ဝ ရာခိုင်နှုန်းနှင့် CKD ကားများကို လူစီးယာဉ်များ ၏ ၅ ရာခိုင်နှုန်းဖြင့် ခွင့်ပြုပေးရန်ရှိ ကြောင်း သိရသည်။
ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here