Yamasuki ဆိုင်ကယ်အရောင်းပြခန်းမှ Bajaj RE သုံးဘီးဆိုင်ကယ်များကို တစ်နှစ်မှလေးနှစ်အထိ အရစ်ကျစနစ်ဖြင့် ရောင်းချပေးမည်

1059

မန္တလေး၊မတ်

အိန္ဒိယနိုင်ငံထုတ် Brand တစ်ခုဖြစ်သော်လည်း နိုင်ငံတစ်ဝန်းတွင် နာမည်ကောင်းရရှိထားသည့် Bajaj RE သုံးဘီးဆိုင်ကယ်များကို မန္တ လေးမြို့ Yamasuki ဆိုင်ကယ်အရောင်းပြခန်းမှ လက်ငင်းအပြင် အရစ်ကျဖြင့်ပါ အနည်းဆုံး တစ်နှစ်မှ အများဆုံး လေးနှစ်အထိ စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

”Bajaj RE သုံးဘီးဆိုင်ကယ် က Taxi ဆွဲပြီး တစ်ပိုင်တစ်နိုင်စီးပွားရှာချင်တဲ့သူတွေအတွက် အများကြီးအသုံးတည့်တဲ့အတွက် တစ်ချို့ ငွေကြေးမတတ်နိုင်တဲ့သူတွေ အဆင်ပြေအောင်လို့ အရစ်ကျစနစ်ကို အခု တစ်နှစ်ကနေ လေးနှစ်အထိ ပေးသွားမယ်၊ ကုမ္ပဏီဖက်ကတော့ လက်ငင်းစနစ်နဲ့ပဲ ရောင်းပေးတယ်၊ ကျွန်တော်က ကိုယ်စားလှယ်ဆိုင် ဖြစ်တဲ့အတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် အရစ်ကျနဲ့သီးသန့်ရောင်းပေးတာ”ဟု Bajaj RE သုံးဘီးဆိုင်ကယ်ကုမ္ပဏီ၏ ကိုယ်စားလှယ်ဖြစ်သူ မန္တလေးမြို့ Yamasuki ဆိုင်ကယ်အရောင်းပြခန်းပိုင်ရှင် ကိုဇော်ကြီးကဆိုသည်။

အိန္ဒိယနိုင်ငံထုတ် Bajaj RE သုံးဘီးဆိုင်ကယ်များကို လက်ရှိ၌ တစ်စီးလျှင် လက်ငင်းစျေးကျပ် ၃,၈၅ဝ,ဝဝဝဖြင့် ရောင်းချလျက် ရှိပြီး အရစ်ကျဝယ်မည်ဆိုပါက ကနဦးသွင်းငွေရာခိုင်နှုန်းနှင့် အရစ်ကျဝယ်ယူသည့် နှစ်ကာလပေါ်မူတည်၍ ကျသင့်သည့်နှုန်းထား ကွာဟသွားမည်ဖြစ်ကြောင်း၊ ထို့ပြင်အရစ်ကျဝယ်ယူသူများ အနေဖြင့် နေ့စဉ် Taxi ဆွဲ၍ အရစ်ကျငွေပေးချေမည်ဆိုပါက တစ်ရက်လျှင် ကျပ် ၇,ဝဝဝ ခန့် သာ ကျသင့်မည်ဖြစ်ကြောင်း မန္တလေးမြို့Yamasuki ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။

”အရစ်ကျဝယ်မယ်ဆိုရင် အတိုးနှုန်းက တစ်နှစ်ကို ၄ သိန်း ၂ သောင်းခွဲဝန်းကျင်ကျမယ်၊ ကနဦး ငွေ ၃ဝ ရာခိုင်နှုန်းလည်း သွင်းထားတယ်ဆိုရင် ကျန်ငွေကိုတွက်ကြည့်လိုက်ရင်တစ်ရက်မှ ၇ဝဝဝ နှုန်း လောက်ပဲကျတော့တာ၊တကယ့်ကို Taxi ဆွဲတာကိုစိတ်ဝင်တစ်စားနဲ့လုပ်မယ်ဆိုရင် ကိုယ့်မိသားစုစားဝတ်နေရေးအတွက် ငွေလည်းရှာလို့ရမယ်၊ တစ်နှစ်နေရင်သုံးဘီးလည်း အပိုင်ဖြစ်သွားမယ်၊ နှစ်ဦးနှစ်ဖက်အများကြီးအဆင်ပြေတယ်” ဟု အဆိုပါဆိုင်ပိုင်ရှင်ကိုဇော်ကြီးက ထပ်မံဆိုသည်။

Bajaj RE သုံးဘီးဆိုင်ကယ်များကို အနည်းဆုံးတစ်နှစ်မှ လေးနှစ်အထိ အရစ်ကျဝယ်ယူနိုင်ပြီး လစဉ်ပေးချေမှုစနစ်(သို့) နေ့စဉ်ပေးချေမှုစနစ်ဖြင့်လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တော်တွင် ယခင်က ကုန်တင်သုံးဘီးဆိုင်ကယ်ကုမ္ပဏီများသာ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်မှစတင်၍ Bajaj RE ကုမ္ပဏီမှ ခရီးသည်တင် သုံးဘီးဆိုင်ကယ်များ စတင်တင်သွင်းလာပြီး ယခုအခါ ခရီးသည်တင်သုံးဘီးဆိုင်ကယ်ကုမ္ပဏီ နှစ်ခုအထိ ရှိနေပြီဖြစ်သည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here