Yamaha Inline Triple အင်ဂျင်တပ် MT09

880

 

ဖရိမ်၊ ဘော်ဒီနဲ့ Suspension များ

ဖရိမ်မှာ Twin Spar ၊ Diamond Type အလူမီနီယမ်ဖရိမ်ဖြစ်ပြီး Sub Rear Frame  ခေါ် Rider နဲ့ ခရီးသည်တင်နိုင်ဖို့တွက် အနောက်ဘက်ဖရိမ်ကိုတော့ စတီးနဲ့ ပြုလုပ်ထားပါတယ်။ အင်ဂျင်မှာ ဖရိမ်ရဲ့ အောက်ဘက် ၄၂ ဒသမ ၅ ဒီဂရီစောင်းလျက် တွဲလောင်း တပ်ဆင်ထားပြီး Swingarm တပ်ဆင်ရာ ဆုံချက်နားမှာ ဖရိမ်နဲ့အင်ဂျင် ပြန်တွဲထားတာကို တွေ့ရပါတယ်။ အဲဒါကြောင့် အင်ဂျင်ဟာ ဖရိမ်ရဲ့ Stressed Member ခေါ် အထောက်အပံ့အစိတ်အပိုင်း တစ်ခုအနေနဲ့ ပါဝင်စေပြီး ဆိုင်ကယ်တစ်စီးလုံးရဲ့ ဖရိမ်အတွက်နေရာယူမှုကို လျော့ကျစေပါတယ်။ ရှေ့ Fork ကို ၄၁ မီလီမီတာအချင်းရှိ Inverted Fork ကို အသုံးပြုထားပြီး ၅ ဒသမ ၄ လက်မအထိ အထက်အောက် ကစားပေးနိုင်ပါတယ်။ စိတ်ကြိုက်ချိန်ညှိနိုင်မှုအနေနဲ့ Preload နဲ့ Rebound Damping သာ ချိန်ညှိနိုင်ပါတယ်။ အနောက် Suspension အနေနဲ့ Link Type Mono Shock ကို တပ်ဆင်ပေးထားပါတယ်။ Suspension အနေနဲ့ ၅ ဒသမ ၁ လက်မအထိ ကစားပေးနိုင်ပြီး Preload နဲ့ Rebound Damping ကိုလည်း ချိန်ညှိလို့ရပါတယ်။ ရှေ့ဘရိတ်အနေနဲ့ ၂၉၈ မီလီမီတာ Disc ပြား နှစ်ပြားကို တပ်ဆင်ပေးထားပြီး  ဘရိတ်အုံတစ်ခုစီမှာ Piston လေးခုစီ ပါဝင်တာ တွေ့ရပါတယ်။ နောက်ဘရိတ်ကတော့ ၂၄၅ မီလီမီတာ Disc  ပြားနဲ့ Single Piston ဘရိတ်အုံတစ်ခု တပ်ဆင်ပေးထားပါတယ်။ ဘရိတ်တွေအားလုံးကို Nissin  တံဆိပ် ဘရိတ်အုံတွေအသုံးပြုထားပြီး ရှေ့ဘရိတ်ကိုတော့ အလွန်ခိုင်ခံ့တဲ့ Monoblock Type ဘရိတ်အုံမျိုး တပ်ဆင်ပေးထားတာ တွေ့ရပါတယ်။

ဘီးခွေတွေအနေနဲ့ စမုတ်တိုင် ၁၀ ချောင်းပါ ၁၇ လက်မဆိုက် ပေါ့ပါးတဲ့ အလူမီနီယမ်ဘီးခွေတွေကို အသုံးပြုထားပြီး ရှေ့တာယာမှာ 120/70 နဲ့ နောက်တာယာမှာ 180/55ဆိုက် တာယာတွေကို တပ်ဆင်ထားပါတယ်။ ဆီတိုင်ကီမှာ ၁၄ လီတာဆံ့ပြီး ၂ ဒသမ ၈ လီတာကို Reserve ပေးထားသလို Low Fuel Warning Light နဲ့ အချက်ပြပေးမှာပါ။ ထိုင်ခုံပုံစံကတော့ Rider နဲ့ ခရီးသည်အတွက် ရှေ့နောက် တစ်ဆက်တည်းပုံစံရှိပြီး ထိုင်ခုံအမြင့်မှာ ၃၂ ဒသမ ၁ လက်မရှိတာ တွေ့ရပါတယ်။ ရှေ့မီးကြီးကို 65/55  ဝပ် Halogen  မီးလုံးတစ်လုံးနဲ့ နောက်မီး၊ အချက်ပြမီးတွေကိုတော့ LED မီးတွေ အသုံးပြုထားတာ တွေ့ရပါတယ်။ Instrument  ခေါ် ဒိုင်ခွက်မှာ ဒစ်ဂျစ်တယ်စနစ်ကိုသာ သီးသန့် အသုံးပြုထားပါတယ်။ ဒိုင်ခွက်မှာ ပုံမှန်ပြသပေးရမယ့် အချက်အလက်တွေအပြင် Gear Indicator ၊ လက်ကျန်လောင်စာဆီနဲ့ မောင်းနှင်နိုင်မယ့် ပျမ်းမျှအကွာအဝေး၊ Intake Air Temperature နဲ့ Engine Diagnostic Mode တို့ကိုလည်း ထည့်သွင်းပေးထားပါတယ်။ MT 09 ကို ပေါ့ပါးဖို့အတွက် အလူမီနီယမ်သတ္တုစပ်တွေကို နေရာအများ အပြားမှာ အသုံးပြုထားတာ တွေ့ရပါတယ်။ ဆိုင်ကယ်ရဲ့ အဓိက main frame / triple clamp  ခေါ်Fork နဲ့ လက်ကိုင်ဆုံချက်၊ ဘားတန်းပုံစံ လက်ကိုင်၊ Swingarm ၊ ခြေနင်းတွေ၊ ဘီးခွေတွေ၊ ဂီယာတံနဲ့ ဘရိတ်လီဗာ၊ ဘရိတ်ခြေနင်း စတဲ့နေရာတွေမှာ အလူမီနီယမ်သတ္တုစပ်တွေကို အသုံးပြုထားတာ တွေ့မြင်ရပါတယ်။

Electronic များ

MT 09 ရဲ့ Throttle Lever ဟာ Ride by Wire  စနစ်ကို အသုံးပြုထားပါတယ်။ YCC-T ခေါ် Yamaha Chip Controlled Throttle လို့ အမည်ပေးထားပြီး 32 bit ECU နဲ့တွဲကာ တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံ တစ်ပုံအထိ လျင်လျင်မြန်မြန် တွက်ချက် ပေးနိုင်ပါတယ်။ Ride Mode သုံးမျိုးအထိ ပါဝင်ပြီး  D-Mode လို့ အမည်ပေးထားပါတယ်။ Standard Mode မှာ စက်ရုံက ထုတ်လုပ်လိုက်တဲ့အတိုင်းသာ အင်ဂျင်ရဲ့Output ကို ထုတ်လုပ်ပေးပါတယ်။ A-Mode က Low to Mid Range မှာ လီဗာက အင် မတန်ကို အဆွဲအရုန်း သွက်လှပါတယ်။ လူစည်ကားတဲ့ လမ်းတွေ၊ ယဉ်ကြောကျပ်တဲ့ လမ်းတွေနဲ့ ရေစိုနေတဲ့လမ်းတွေ အတွက်တော့ B-Mode ကို တပ်ဆင်ပေးထားပါတယ်။

B-Mode ကတော့ Safe ဖြစ်လွန်းတဲ့အတွက် လီဗာကို စိတ်ချလက်ချဆွဲနိုင်ပြီး ဆောင့်ထွက်တာ၊ နောက်ဘီးစလစ် ဖြစ်တာမျိုးတွေ မတွေ့ရပါဘူး။ Lean Angle  ကို ၅၁ ဒီဂရီအထိပေးထားပြီး ၅၁ ဒီဂရီကျော်သွားတဲ့အခါ Engine Cut-off က တစ်ဆင့် အင်ဂျင်ကို ရပ်တန့်လိုက်မှာပါ။ စောင်းလျက်ကွေ့နေတုန်း ၅၁ ဒီဂရီကျော် သွားတဲ့အခါ ဆိုင်ကယ်က လဲကျသွားတယ်လို့ Engine Cut-off Sensor က ယူဆ ထားပါတယ်။ ဆိုင်ကယ်က လဲကျနေတုန်း အင်ဂျင်ကလည်း လည်နေတဲ့အတွက် အထဲ က Lubrication  စနစ်တွေ ကမောက်ကမဖြစ်ပြီး အင်ဂျင်နာမှာစိုးတဲ့အတွက် အင်ဂျင်ကို ရပ်တန့်စေလိုက်တဲ့ သဘောပါ။ ABS စနစ်ကိုတော့ အမေရိကားကိုဖြန့်တဲ့ FZ 09 အမည်တပ်ဆင်ထားတဲ့ ဘီးတွေမှာ မတွေ့ရပါဘူး။ ဥရောပနဲ့ အာရှနိုင်ငံတွေကိုဖြန့်ချိတဲ့ MT 09 အမည်နဲ့ ဘီးတွေမှာတော့ ABS  ကို Option အနေနဲ့ ဝယ်ယူနိုင်တာ တွေ့ရ ပါတယ်။

 

ဆက်လက်ဖော်ပြပါမည်။

စာဖတ်ပရိသတ်များ မော်တော်ဆိုင်ကယ်ဗဟုသုတတွေနဲ့ ပြည့်စုံကြပါစေ …

LEAVE A REPLY

Please enter your comment!
Please enter your name here