YAMAHA   ကုမ္ပဏီထုတ်  ဗီယက်နမ်  Janus  ဆိုင်ကယ်များ  ပြည်တွင်းစျေးကွက်အတွင်း  စတင်ဖြန့်ချိ

1387

YAMAHA   ကုမ္ပဏီမှ ဗီယက်နမ် နိုင်ငံထုတ် အမျိုးသားစီးနှင့် အမျိုးသမီးစီး Janus ဆိုင်ကယ်အမျိုးအစားကို အောက်တိုဘာလ ဒုတိယပတ်မှစ၍ မြန်မာပြည်စျေးကွက်သို့ စတင်ဖြန့်ချိလိုက်ကြောင်း သိရသည်။

 

” Janus ဆိုင်ကယ်က ဗီယက် နမ်နိုင်ငံထုတ်ကိုမှ အရင် YAMAHA  က ထွက်ထားတဲ့ ဒီဇိုင်းတွေနဲ့ ကွဲပြား ခြားနားပါတယ်၊ ဒီခေတ်ဒီဇိုင်းနဲ့ လိုက်ဖက်ညီအောင် အမျိုးသားစီးနဲ့ အမျိုးသမီးစီးဆိုပြီး နှစ်မျိုးခွဲထား တယ်၊ အမျိုးသားစီးနဲ့ အမျိုးသမီးစီးမှာ အရောင်ကွာမယ်၊ Smart Key ပါတာနဲ့ မပါတာ ကွာခြားပါမယ်၊ အင်ဂျင်ကိုတော့ YAMAHA   ရဲ့ မူပိုင်နည်းပညာဖြစ်တဲ့ YM Jet FI စနစ်သုံးထားတဲ့ 125 CC နဲ့ ထုတ်လုပ်ပေးထားပါတယ်”ဟု YAMAHA ဆိုင်ကယ်များကို မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ဖြင့် တင်သွင်းရောင်းချနေသည့်   ‘ Eight Cloud Public ကုမ္ပဏီ’မန်နေဂျာ ဒေါ်အိအိဇော်က ပြော သည်။

 

ယခု စတင်တင်သွင်းလာသော ဗီယက်နမ်နိုင်ငံထုတ် YAMAHA Janus ဆိုင်ကယ်သည် 4 Stroke နှင့် Automatic Transmission အမျိုးအစားဖြစ်ပြီး ငါးလီတာဆံ့ ဆီတိုင်ကီနှင့် နည်းပညာအဆင့်မြင့် ထားသော Diasil Cylinder တပ်ဆင်ထားခြင်းတို့ကြောင့် အင်ဂျင် အပူချိန် ၆ဝ ရာခိုင်နှုန်း လျှော့ချပေးနိုင်မည် ဖြစ်ကြောင်း၊ ယခင် Cylinder များထက် အလေးချိန် ၃ဝ ရာခိုင်နှုန်း ပေါ့ပါးသွားကာ စွမ်းဆောင်ရည် မြင့်မားလာစေမည်ဖြစ်ကြောင်း Eight Cloud Public ကုမ္ပဏီမှ သိရသည်။

 

”အင်ဂျင်စွမ်းရည်ကို မြင့် ထားတဲ့အတွက် အင်ဂျင်တည်ငြိမ်မှု ရှိစေမယ်၊ သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်စေပါမယ်၊ ထူးခြားတာက YAMAHA ရဲ့ နည်းပညာ ဖြစ်တဲ့ Blue Core System သုံး ထားတဲ့အတွက် ဆီစားနှုန်းသက်သာပြီး ပါဝါအပြည့် စီးနိုင်မှာဖြစ်ပါတယ်”ဟု အဆိုပါကုမ္ပဏီမှ ဒေါ်အိအိဇော်က ထပ်မံဆိုသည်။

 

ခေတ်ဆန်သော လူငယ်များ နှင့် ဖက်ရှင်ကျကျစီးနင်းလိုသူများအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားသော Janus ဆိုင်ကယ်သည် အမျိုးသားစီးကို အနက်၊ အဖြူ၊ အနီ၊ အပြာ လေးရောင်ဖြင့် ထုတ်လုပ်ထားပြီး ကျပ် ၁,၉၉၉,ဝဝဝ၊ အမျိုးသမီးစီး(Smart Key ပါ) တွင်   လိမေ္မာ်နှင့် ပန်းရောင်နှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး ကျပ်၂၁ သိန်း တို့ဖြင့် ရောင်းချမည်ဖြစ်ကြောင်း Eight Cloud Public ကုမ္ပဏီမှ ထပ်မံသိရသည်။

 

YAMAHA ကုမ္ပဏီထုတ် ဗီယက်နမ် Janus ဆိုင်ကယ်ကို လက်ရှိတွင် တစ်နှစ်၊ သို့မဟုတ် ကီလိုတစ်သောင်း အာမခံပေးထားပြီး တစ်နှစ်အတွင်း Free Check Service ငါးကြိမ် ပြုလုပ်ပေးမည် ဖြစ်ကာ လက်ငင်းအပြင် Aeon Micro Finance ကုမ္ပဏီနှင့် ချိတ်ဆက်၍ပါ အနည်းဆုံးတစ်နှစ်မှ ၂ နှစ်အထိ အရစ်ကျစနစ်ဖြင့်ပါ ဝယ်ယူရရှိနိုင်မည် ဖြစ်သည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

 

LEAVE A REPLY

Please enter your comment!
Please enter your name here