WTO ၏ နည်းလမ်းအရ Invoice စျေးနှုန်းအတိုင်း အခွန်စည်းကြပ်မည်ဖြစ် တန်ဖိုးလျှော့တင်ပြထားကြောင်း စိစစ်တွေ့ရှိပါက ပစ္စည်းတန်ဖိုး သုံးဆနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်မည်

717

WTO ၏ နည်းလမ်းအရ Invoice စျေးနှုန်းအတိုင်း အခွန်စည်းကြပ် ခွင့်ပြုထားပြီး နှောင်းစာရင်းစစ်ရာတွင် တန်ဖိုးလျှော့ တင်ပြထားကြောင်း စိစစ်တွေ့ရှိပါက ပစ္စည်းတန်ဖိုး သုံးဆနှင့် ထောင်ဒဏ် သုံးနှစ် ချမှတ်မည် ဖြစ်ကြောင်း  အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလကုန်က WTO ၏ နည်းလမ်းအတိုင်း ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိခဲ့ခြင်းကြောင့် ယခုလမှစ၍ ပြည်ပမှတင်သွင်းသည့် ကားများ နှင့် အခြားကုန်ပစ္စည်းများကို  အကောက်ခွန် စည်းကြပ်ရာတွင် Invoice ပါစျေးနှုန်းအတိုင်း အခွန်စည်းကြပ်ခွင့် ပြုပေးထားကြောင်း သိရသည်။ သို့သော် နှောင်းစာရင်း စစ်ဆေးခြင်းဖြင့် တန်ဖိုးလျှော့ တင်ပြထားခြင်း ရှိ/မရှိ စစ်ဆေး မည်ဖြစ်ပြီး မမှန်မကန် ဆောင်ရွက်ထားကြောင်း စိစစ်တွေ့ရှိပါက ပစ္စည်းတန်ဖိုး၏ သုံးဆကို ဒဏ်ကြေးအဖြစ် ကောက်ခံမည် ဖြစ်သကဲ့သို့ တရားရုံး၌ အမှုဖွင့်အရေးယူကာ ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်မည်ဖြစ်ကြောင်း သိရသည်။

 

”ဒီလကစပြီး Invoice ပါ စျေးနှုန်းအတိုင်း အခွန်စည်းကြပ်ခွင့် ပြုပေးနေပါတယ်၊ Invoice မှာပါတဲ့ စျေးနှုန်းကို အချက် နှစ်ချက်နဲ့ စစ်ဆေးပြီး လက်ခံဆောင်ရွက်ပေးနေပါတယ်၊ မှန်ကန်မှု ရှိ/ မရှိ နှောင်းစာရင်း စစ်ဆေးတဲ့အခါ မှာ တွေ့ရှိရင် ပထမတစ်ကြိမ်ကို ပညာပေးတဲ့အနေနဲ့ပဲ ဆောင်ရွက်မှာဖြစ်ပေမဲ့ ဒုတိယအကြိမ်က စပြီး ပစ္စည်းတန်ဖိုးသုံးဆကို ဒဏ်ကြေးအနေနဲ့ ပေးဆောင်ခိုင်းမှာ ဖြစ်သလို တရားရုံးမှာလည်း တရားစွဲဆိုမှာ ဖြစ်ပါတယ်၊ ပြစ်မှုအပေါ် မူတည်ပြီး ထောင်ဒဏ်သုံးနှစ်အထိ ကျခံရမှာဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

WTO ၏ နည်းလမ်းအရ ကုန်ပစ္စည်းတင်သွင်းသူမှ ဖော်ပြသည့် Invoice ပါ စျေးနှုန်းအတိုင်း အကောက်ခွန် စည်းကြပ်ခွင့်ပြုမည် ဖြစ်သော်လည်း စျေးနှုန်းမှန်ကန်မှု ရှိ/မရှိ သက်ဆိုင်ရာအရာရှိက အချက် နှစ်ချက်ဖြင့် စစ်ဆေးမည် ဖြစ်ပြီး နောက်ပိုင်းတွင် နှောင်းစာရင်းစစ်ဆေးမှုများလည်း ပြုလုပ်မည်ဖြစ်သည်။ သို့ဖြစ်၍ တင်သွင်းသူသည် ကုန်ပစ္စည်းနှင့် သက်ဆိုင်သော အထောက်အထားများကို ငါး နှစ်၊ သို့မဟုတ် ခုနစ်နှစ်အထိ သိမ်းဆည်းထားရန် လိုအပ်ကြောင်း သိရသည်။

ကိုရဲ၊ ဆန်းသစ်အောင်

LEAVE A REPLY

Please enter your comment!
Please enter your name here