Without ဆိုင်ကယ်များအသုံးပြု၍  မှုခင်းများကျူးလွန်နေခြင်းကြောင့် မန္တလေးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းပြခန်းများကို ရှောင်တခင် စစ်ဆေးမှုများပြုလုပ်

749

Without ဆိုင်ကယ်များအသုံးပြု၍  မှုခင်းများကျူးလွန်နေခြင်းကြောင့် မန္တလေးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းပြခန်းများကို ရှောင်တခင် စစ်ဆေးမှုများပြုလုပ်

 

လိုင်စင်မဲ့ Without ဆိုင်ကယ်များ အသုံးပြု၍ လုယက်မှုကျူးလွန်ခြင်း၊ ဆိုင်ကယ်ခိုးယူခြင်း စသော မှုခင်းများ ကျူးလွန်နေကြခြင်းကြောင့် မန္တလေးမြို့ပေါ်ရှိ ဆိုင်ကယ်အရောင်းပြခန်းများကို Without ဆိုင်ကယ်များ ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

”လုယက်မှုကျူးလွန်တဲ့အခါမှာလည်း လိုင်စင်မဲ့ဆိုင်ကယ်တွေ အသုံးပြုကြတော့ ဖော်ထုတ်ရခက် ခဲနေတယ်၊ ပြီးတော့ တချို့ဆိုင်ကယ်တွေ အခိုးခံရလို့ ရဲစခန်းကို လာတိုင်တယ်၊ မိလို့ပြန်တွေ့ပေမဲ့ ဆိုင်ကယ်က လိုင်စင်မဲ့ဖြစ်နေတော့ ပိုင်ရှင်တွေက လာတိုင်ပြီးပြန်လာမယူရဲဘူး၊ တစ်မှုက နှစ်မှုဆင့်ပုံစံဖြစ်နေတော့ တချို့စခန်းတွေမှာဆိုရင် ဆိုင်ကယ်ပြန်တွေ့လျက်နဲ့ လာမယူလို့ စုပြုံနေတာတွေ ရှိတယ်၊  Without ဆိုင်ကယ်စီးနေတယ်ဆိုကတည်းက ရောင်းတဲ့ဆိုင်တွေရှိ လို့ဖြစ်တာကြောင့် အခု ဆိုင်ကယ် အရောင်းပြခန်းတွေကို ရှောင်တခင် လိုက်စစ်ဆေးနေတာပါ”ဟု ‘မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး’မှ ဒုရဲမှူးကြီး တင်ဇော်ထွန်းက ပြောသည်။

 

ယင်းသို့စစ်ဆေးရာတွင် နယ်မြေရဲတပ်ဖွဲ့၊ စည်ပင်၊ လဝက၊ အကောက်ခွန် စသည့် ဌာနပေါင်းစုံ ပူးပေါင်းအဖွဲ့ဖြင့် စက်တင်ဘာလ ဆန်းပိုင်းမှ စတင်စစ်ဆေးနေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံချက်ဖြင့် မန္တလေးခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်၍ စစ်ဆေးလျက်ရှိကြောင်း၊ အကယ်၍ စစ်ဆေးစဉ် လိုင်စင်မဲ့ဆိုင်ကယ်များတွေ့ရှိပါ က ပို့ကုန်/သွင်းကုန်ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ပြီး ရောင်းချသည့်ဆိုင်များပါ တရားဝင်ရောင်းချခြင်း ဟုတ်၊ မဟုတ်နှင့် လုပ်ငန်း လိုင်စင်များကိုပါ တစ်ပါတည်း စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

”အခု ပထမတန်းအနေနဲ့  တရားဝင်ရောင်းချတဲ့ဆိုင်တွေ၊ ကုမ္ပဏီတွေကို ဌာနပေါင်းစုံပူးပေါင်း အဖွဲ့နဲ့ စစ်ဆေးနေတယ်၊ နောက်ပိုင်းလည်း Without ဆိုင်ကယ်ရောင်းချတယ်လို့ သတင်းကြားတဲ့ ဆိုင်တွေကို ရှောင်တခင်စစ်ဆေးမှုတွေ ပြုလုပ်သွားပါမယ်၊ Without ဆိုင်ကယ် စီးကြတယ်ဆိုကတည်းက ရောင်းတဲ့သူရှိလို့ပဲ”ဟု အဆိုပါ ရုံးမှ ဒုရဲမှူးကြီး တင်ဇော်ထွန်းက ထပ်မံဆိုသည်။

မန္တလေးမြို့အတွင်း ဆိုင်ကယ် အရောင်းပြခန်းများတွင် Without ဆိုင်ကယ်များ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးမှုများကြောင့် အရောင်း အဝယ်စျေးကွက် မထိခိုက်သော်လည်း အုံနာဘုတ်ထွက်ပြီးမှ ရောင်းချရမည်ဟူသော ပြောဆိုမှုမှာမူ မဖြစ်နိုင်ကြောင်း ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ဆိုသည်။

 

”မနှစ်ကတုန်းက ဆိုင်ပေါ်မှာ တင်ရောင်းတဲ့ ဆိုင်ကယ်တွေအကုန်လုံး အုံနာဘုတ်ထွက်ပြီးမှ ရောင်း ရမယ်လို့ စာထွက်ဖူးတယ်၊ အခု ကျွန်မတို့ဆိုင်လည်း လာစစ်တယ်၊ အုံနာဘုတ်မထွက်သေးလည်း တင်သွင်းထားတဲ့ အထောက်အထားတွေ ပြခိုင်းတာရော၊ ဆိုင်ရဲ့ လုပ်ငန်းလိုင်စင်တွေရော အကုန်စစ်တယ်၊ အုံနာဘုတ်ထွက်မှရောင်းဖို့လည်း ပြောသွားသေးတယ်၊ စသွင်းလာကတည်းက ဂျူတီဆောင်ပြီး တရားဝင်သွင်းလာတာဖြစ်လို့ အုံ နာဘုတ်ထွက်ပြီးမှရောင်းဆိုရင် မ ရောင်းရတာကြာရင် ကြာသလို နံပါတ်နိမ့်သွားနိုင်တဲ့အတွက် အဲဒါကတော့ မဖြစ်နိုင်ဘူးပေါ့၊ လိုင်စင်ရှိ မရှိစစ်ချင်ရင် ၅၉ ဆိုင်ကယ် ဝိုင်းဘက်ကဆိုင်တွေ တော်တော် များများ လိုက်စစ်ကြည့်လိုက်ရင် သိလာလိမ့်မယ်”ဟု မန္တလေး မြို့ခံ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်း ရှင်တစ်ဦးက ပြောသည်။

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here