We Love Mandalay အဖွဲ့က ဦးဆောင်၍ NLD ကားစတစ်ကာ အလှဆင်ပြိုင်ပွဲ ကျင်းပမည်

183

 

မန္တ​လေး၊ စက်တင်ဘာ ၂၃

မန္တလေးမြို့တွင် We Love Mandalay အဖွဲ့က ဦးဆောင်၍ NLD ကားစတစ်ကာအလှဆင်ပြိုင်ပွဲကို လာမည့် အောက်တိုဘာ ၁ ရက် နံနက် ၈ နာရီတွင် မန္တလေးမြို့ ကျုံးတောင်ဘက် ၂၆ လမ်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“လျှောက်လွှာဖောင်က ၃၀ ရက်နေ့ ပိတ်မယ်၊ ပြိုင်ပွဲကိုတော့ အောက်တိုဘာ ၁ ရက်နေ့ ကျုံးတောင်ဘက်ခြမ်းမှာ လုပ်မယ်၊ ဆုပေးပွဲကိုတော့ အောက်တိုဘာ ၃ ရက်နေ့မှာ လုပ်သွားမယ်” ဟု We Love Mandalay အဖွဲ့တွင် ပါ၀င်သူတစ်ဦးက ပြောကြားသည်။

အဆိုပါပြိုင်ပွဲသို့ မန္တလေးခရိုင်အတွင်းရှိ အိမ်စီးကားမော်တော်ယာဉ်များအနေဖြင့် NLD ကား စတစ်ကာအလှဆင်၍ ၀င်ရောက်ယှဉ်ပြိုင်နိုင်ကာ ယှဉ်ပြိုင်လိုသူများအနေဖြင့် ပြိုင်ပွဲ၀င်ခွင့်ပုံစံလျှောက်လွှာဖောင်ကို စက်တင်ဘာ ၃၀ ရက် မတိုင်မီ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း မန္တလေးမြို့ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်း၀ယ်ရေးစခန်း (အနောက်ပေါက်)နှင့် လမ်း ၆၀ ကားရောင်း၀ယ်ရေးစခန်းတို့တွင် အခမဲ့လာရောက်ထုတ်ယူနိုင်ကြောင်း၊ ယှဉ်ပြိုင်မည့် အိမ်စီးမော်တော်ယာဉ်များသည် ကညနယာဉ်လိုင်စင်နှင့် ယာဉ်မောင်းသည်လည်း ယာဉ်မောင်းလိုင်စင်ရှိရမည်ဖြစ်ကာ ယာဉ်မောင်းသူကိုယ်တိုင် NLD အောင်နိုင်ရေး အထိမ်းအမှတ်များပါသည့်၀တ်စုံကို ၀တ်ဆင်ထားရမည်ဖြစ်ကြောင်း We Love Mandalay အဖွဲ့မှ သိရသည်။

“အခုလို ကျင်းပတဲ့အခါမှာ ကျန်းမာရေးဌာနက လမ်းညွှန်ချက်အတိုင်း Covid-19 ကာကွယ်ရေး စည်းကမ်းတွေကိုလိုက်နာပြီး ဆောင်ရွက်သွားပါမယ်၊ ဒါကြောင့် ပြိုင်ပွဲ၀င်တဲ့အခါမှာလည်း ကားပေါ်မှာ ယာဉ်မောင်းအပါအ၀င် နှစ်ဦးပဲ လိုက်ပါခွင့်ပြုပါမယ်” ဟု We Love Mandalay အဖွဲ့တွင် ပါ၀င်သူတစ်ဦးက ထပ်မံဆိုသည်။

အဆိုပါ NLD ကားစတစ်ကာအလှဆင်ပြိုင်ပွဲတွင် ပထမဆုရရှိသူအား ကျပ် ၁၀ သိန်း၊ ဒုတိယဆုရရှိသူအား ကျပ် ငါးသိန်း၊ တတိယဆုရရှိသူအား ကျပ် သုံးသိန်း ပေးအပ်သွားမည်ဖြစ်ပြီး နှစ်သိမ့်ဆုကိုလည်း ဆုပေါင်း နှစ်ဆယ်အထိ ပေးအပ်သွားမည့်အပြင် We Love Mandalay ၏ Facebook Page Messenger သို့ ယှဉ်ပြိုင်မည့် အလှဆင်ထားသော အိမ်စီးကားအား ဓာတ်ပုံရိုက်ပို့ပါကလည်း ပြိုင်ပွဲ၀င်နံပါတ်နှင့်တကွ Post တင်ပေးသွားမည်ဖြစ်​ကြောင်းနှင့် ယင်း Post ၏ Like ရရှိမှု အရေအတွက်အပေါ်မူတည်၍ ပရိသတ်အကြိုက်ဆုံးဆုတစ်ဆုကိုပါ ထည့်သွင်းချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်အောင်(ကလေးမြို့)
ဓာတ်ပုံ- We Love Mandalay Page

LEAVE A REPLY

Please enter your comment!
Please enter your name here