We Love Mandalay အဖွဲ့က ဦးဆောင်ပြုလုပ်သည့် သုံးဘီးဆိုင်ကယ်များ NLD စတစ်ကာပြိုင်ပွဲအတွက် ပြိုင်ပွဲ၀င်ခွင့်ပုံစံများကို အောက်တိုဘာ ၁၅ ရက်အထိ လက်ခံပေးသွားမည်

100

 

မန္တ​လေး၊ ​အောက်တိုဘာ ၁၂

We Love Mandalay အဖွဲ့က ဦးဆောင်ပြုလုပ်သည့် သုံးဘီးဆိုင်ကယ်များ NLD စတစ်ကာပြိုင်ပွဲအတွက် ပြိုင်ပွဲ၀င်ခွင့်ပုံစံများကို အောက်တိုဘာ ၁၅ ရက်အထိ လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“ပုံမှန်လိုဆိုရင် ဖောင်ပိတ်ရက်က သတ်မှတ်ရက်ပြည့်ပြီ၊ ဒါပေမဲ့ သုံးဘီးဆိုင်ကယ် ၀င်ပြိုင်ချင်တဲ့သူတွေက ရက်အနည်းငယ် နောက်ဆုတ်ပေးဖို့ ဝိုင်း၀န်းတောင်းဆိုကြတာကြောင့် ပြိုင်ပွဲ၀င်ခွင့်ပုံစံတွေကို ဒီလ ၁၅ ရက်အထိ လက်ခံပေးသွားမယ်” ဟု We Love Mandalay အဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောကြားသည်။

အဆိုပါ စတစ်ကာအလှဆင်ပြိုင်ပွဲသို့ မန္တလေးခရိုင်အတွင်းရှိ သုံးဘီးဆိုင်ကယ်များအားလုံး (မည်သည့်ဒေသ မှတ်ပုံတင်မဆို) ပါ၀င်ယှဉ်ပြိုင်ခွင့်ပေးထားပြီး ယှဉ်ပြိုင်မည့် သုံးဘီးများသည် ကညန ယာဉ်လိုင်စင်နှင့် ယာဉ်မောင်းလိုင်စင်ပါရှိရမည်ဖြစ်ကာ ယာဉ်မောင်းသူကိုယ်တိုင်လည်း NLD အောင်နိုင်ရေး အထိမ်းအမှတ်များပါသည့် ၀တ်စုံကို ၀တ်ဆင်ထားရမည်ဖြစ်ကြောင်း၊ ထို့ပြင် Covid-19 စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ သုံးဘီးဆိုင်ကယ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် နှစ်ဦးသာ မောင်းနှင်ခွင့်ပေးမည်ဖြစ်ကာ ပြိုင်ပွဲ၀င်ပုံစံဖောင်ဖြည့်လိုသူများအနေဖြင့် တမ္ပ၀တီ၊ သာမိုးရပ်၊ စစ်ကိုင်း-မန္တလေးလမ်းပေါ် ပန်တော်ဦးမိုတယ်တွင် ဖောင်များကို လက်ခံပေးလျက်ရှိကြောင်း We Love Mandalay အဖွဲ့မှ သိရသည်။

“ပြိုင်ပွဲယှဉ်ပြိုင်ရမယ့်ရက်ကို အရင်ကတော့ သတ်မှတ်ထားပေမဲ့ အခု မန္တလေးကလည်း Stay at Home မြို့နယ်တွေ ရှိနေဆဲဖြစ်တော့ ယှဉ်ပြိုင်ရမယ့်ရက်ကို ယာယီရွှေ့ဆိုင်းထားတယ်၊ ဘယ်ရက်လို့ အတိအကျ လောလောဆယ် မပြောနိုင်သေးပေမဲ့ ရွေးကောက်ပွဲကျင်းပမယ့်ရက်မတိုင်မီတော့ ကျင်းပပေးသွားမှာပါ” ဟု We Love Mandalay အဖွဲ့မှ ဦးဆောင်သူတစ်ဦးက ထပ်မံဆိုသည်။

သုံးဘီးဆိုင်ကယ်များ NLD စတစ်ကာ အလှဆင်ပြိုင်ပွဲကို မန္တလေးမြို့ ၃၈ လမ်း (၇၃လမ်းနှင့် ၇၈လမ်းကြား)တွင် ကျင်းပရန် လျာထားပြီး ဆုကြေးများကို ပထမဆု ကျပ် သုံးသိန်း၊ ဒုတိယဆု ကျပ် နှစ်သိန်း၊ တတိယဆု ကျပ် တစ်သိန်းတို့ကို ချီးမြှင့်သွားမည်ဖြစ်ကာ အထူးနှစ်သိမ့်ဆု နှစ်ဆယ်ကိုလည်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)

ဓါတ်ပုံ-We Love Mandalay Facebook Page

LEAVE A REPLY

Please enter your comment!
Please enter your name here