Water Bus လမ်းကြောင်းသစ် နှစ်ခုအတွက် ဆိပ်ကမ်း ၁၂ ခု တည်ဆောက် ပြေးဆွဲသွားမည်

835

ရန်ကုန်၊ ဖေဖော်ဝါရီ
Water Bus လမ်းကြောင်းသစ်နှစ်ခုပြေးဆွဲရန် ဆိပ်ကမ်း ၁၂ ခု တည်ဆောက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။

ဗိုလ်တထောင်ဆိပ်ကမ်းကို အခြေပြုပြေးဆွဲမည့် ခရီးစဉ်လမ်းကြောင်းအသစ် နှစ်ခုဖြစ်သော မြောက်ဒဂုံခရီးစဉ်နှင့် သန်လျင် Star City ခရီးစဉ်တို့အတွက် ဆိပ်ကမ်း ၁၂ ခု ရွေးချယ်ထားပြီး မကြာမီ ပြေးဆွဲမှု စတင်နိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

”ခရီးစဉ်အသစ် နှစ်ခုအတွက် ဆိပ်ကမ်း ၁၂ ခု ရွေးချယ်ထားပါတယ်၊ ဆောက်လုပ်ဖို့လည်း အဆင်သင့်ဖြစ်နေပြီ၊ ရွေးချယ်ထားတဲ့ ဆိပ်ကမ်းတွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဆီ တင်ပြပြီး အတည်ပြုချက်ရတာနဲ့ စတင်ပြေးဆွဲဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု တင့်တင့်မြန်မာကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗိုလ်တထောင်ဆိပ်ကမ်းမှ ငမိုးရိပ်ချောင်းတစ်လျှောက် ပြေးဆွဲမည့် ခရီးစဉ်တွင် ဗိုလ်တထောင်ဆိပ်ကမ်း (ပုဇွန်တောင်)ညောင်တန်းဆိပ်ကမ်း၊ ဒေါပုံဆိပ်ကမ်း(ဗိုလ်လရောင်လမ်းထိပ်အနီး)၊ သာကေတ(၂) ဆိပ်ကမ်း (ရွှေပုဇွန်မုန့်တိုက်အနီး)၊ ပုဇွန်တောင် (၂) ဆိပ်ကမ်း(ကြက်ဘဲစျေးအနီး)၊ သာကေတ(၁) ဆိပ်ကမ်း (မိကျောင်း မွေးမြူရေးစခန်းအနီး )၊ သုဝဏ္ဏဆိပ်ကမ်း(သုဝဏ္ဏဘုရားအနီး)၊ တောင်ဥက္ကလာဆိပ်ကမ်း (တောင်ဥက္ကလာပ ဘုရားအနီး)၊ မြောက်ဒဂုံဆိပ်ကမ်း (မြောက်ဒဂုံနာရေးကူညီမှုအသင်း အနီး) စသည့် မှတ်တိုင်ရှစ်ခု သတ်မှတ်ထားကြောင်း သိရသည်။

ဗိုလ်တထောင်မှ သန်လျင် Star City ခရီးစဉ်အတွက် ဗိုလ်တထောင်ဆိပ်ကမ်းမှ Star City အိမ်ရာအနီး၊ ရူခင်းသာဟိုတယ်အနီး (ရူခင်းသာ မြို့ပတ်လမ်းဘေး)၊ ဗိုလ်ချုပ်လမ်းထိပ်အနီး(သန်လျင်တံတားအနီး)၊ သီလဝါSEZ အနီးတို့တွင် ဆိပ်ကမ်းမှတ်တိုင်လေးခု သတ်မှတ်ထားကြောင်း သိရသည်။

ဗိုလ်တထောင် ဆိပ်ကမ်းမှ မြောက်ဒဂုံခရီးစဉ်ကို ခရီးသည် ၁၅ဝ မှ ၁၈ဝ ဆံ့ ရေယာဉ်ခြောက်စင်းနှင့် ကနဦး စတင်ပြေးဆွဲမည်ဖြစ်ပြီး ဗိုလ်တထောင်မှ သန်လျင် Star City ခရီးစဉ်ကို ခရီးသည်ခြောက်ဆယ်မှ ကိုးဆယ်ဆံ့ ရေယာဉ်လေးစင်းဖြင့် ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။
ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here