ရန်ကုန်၊ မတ်
Water Bus ခရီးစဉ်သစ် ဗိုလ်တထောင်-ကျောက်တန်း ရေလယ်ဘုရား ခရီးစဉ်ကို မတ် ၁၇ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီမှ သိရသည်။
ဗိုလ်တထောင်ဆိပ်ကမ်းကို အခြေပြုမည့်ခရီးစဉ်ကို အပတ်စဉ် စနေနှင့် တနဂင်္နွေရက်များတွင် ပြေးဆွဲမည်ဖြစ်ပြီး ထမင်းဘူး၊ ကော်ဖီ၊ ရေသန့်၊ အသွား/အပြန် စီးနင်းခပါဝင်သည့် လက်မှတ်တစ်စောင်ကို ခြောက်ထောင်ကျပ် သတ်မှတ်ထားကြောင်း သိရသည်။
”ဗိုလ်တထောင်-ကျောက်တန်း ရေလယ်ဘုရားခရီးစဉ်ကို ဒီလ ၁၇ ရက်မှ စတင်ပြေးဆွဲမှာ ဖြစ်ပါတယ်၊ အင်းစိန်၊ ဗိုလ်တထောင်ဂိတ်တွေမှာ သောကြာနေ့တိုင်း ကြိုတင်လက်မှတ် ရောင်းပေးမှာပါ၊ ဘုရားရောက်ရင် လည်ပတ်ချိန်နဲ့ ထမင်းစားချိန်အတွက် အချိန် နှစ်နာရီခွဲ ခွင့်ပြုပေးမှာ ဖြစ်ပါတယ်၊ နိုင်ငံသားတွေအတွက် လက်မှတ်တစ်စောင်ကို ကျပ် ခြောက် ထောင် သတ်မှတ်ထားပါတယ်၊ နိုင်ငံခြားသားတွေအတွက်ကတော့ ၁၅ ဒေါ်လာ သတ်မှတ်ထားပါတယ်”ဟု တင့်တင့်မြန်မာကုမ္ပဏီတာဝန်ရှိသူတစ်ဦးက ပြောသည်။
Water Bus ခရီးစဉ်သစ် ဗိုလ်တထောင်-ကျောက်တန်းရေလယ် ဘုရားခရီးစဉ်ကို လက်မှတ်ဝယ်ယူရန်အတွက် Yangon Water Bus Facebook Messenger တွင်လည်း Booking လုပ်နိုင်ပြီး ထိုခရီးစဉ်ကို လူဦးရေ ၁၈ဝ စီးနင်းနိုင်သည့် နှစ်ထပ်ရေယာဉ်ဖြင့် ပြေးဆွဲ ပေးမည်ဖြစ်ကြောင်း သိရသည်။
ဆန်းသစ်အောင်