Volvo က ထုတ်လုပ်တဲ့ ပထမဆုံးကား

176

 

စက်မှုထွန်းကားတဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံ ဆွီဒင်ဟာ ကမ္ဘာ့အချမ်းသာ ဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ လူဦးရေ ဆယ်သန်းကျော်သာရှိတဲ့ ဆွီဒင်ဟာ ဥရောပတိုက်ရဲ့ပဉ္စမအကြီးဆုံးနိုင်ငံဖြစ်ပြီး စက်မှုနည်းပညာ ပိုင်းသာမက အားကစားနယ်ပယ်မှာပါ တခြားနိုင်ငံကြီးတွေကို ရင်ပေါင် တန်းနိုင်ပါတယ်။ ကားလောကမှာဆိုရင်လည်း Volvo , Koenigsegg , Scania , Uniti , NEVS တို့ဟာ ကမ္ဘာကျော် ဆွီဒင်ကားအမှတ်တံဆိပ်တွေ ဖြစ်ကြပြီး လူသိပ်မသိတဲ့ တခြားကားအမှတ်တံဆိပ်တွေ၊ ထုတ်လုပ်မှု ရပ်ဆိုင်းသွားတဲ့ ကားကုမ္ပဏီတွေလည်း အများကြီးရှိပါသေးတယ်။
ဆိုလိုချင်တာက ဆွီဒင်ဟာ ကားလောကရဲ့ထင်ရှားတဲ့နိုင်ငံတစ်ခု ဖြစ်တယ်ဆိုတာကိုပါပဲ။ အဲဒီထဲမှာ Volvo လို့ဆိုလိုက်ရင် တန်ဖိုးမြင့် ကားတွေ ထုတ်လုပ်နေတဲ့ ဆွီဒင်ကုမ္ပဏီဆိုတာကို လူတိုင်းသိကြပါတယ်။ Volvo ဟာ သမိုင်းတစ်လျှောက် တခြားကုမ္ပဏီတွေလက်အောက် ကျရောက်ခဲ့ပေမဲ့လည်း သူ့ဂုဏ်ပုဒ်ကိုတော့ လက်ရှိအချိန်အထိ ထိန်း သိမ်းထားနိုင်ဆဲ ဖြစ်ပါတယ်။ Volvo ကို ဆွီဒင်လူမျိုး ကားအင်ဂျင်နီယာ Erik Gustaf Larson နဲ့ စက်မှုလုပ်ငန်းရှင် Assar Gabrielsson တို့ က ၁၉၂၇ ခုနှစ်၊ ဧပြီ ၁၄ ရက်မှာ စတင်တည်ထောင်ခဲ့တာပါ။ အဲဒီ အချိန်မတိုင်မီက ဆွီဒင်မှာ နိုင်ငံခြားကားအမှတ်တံဆိပ်တွေကသာ လွမ်းမိုးထားပြီး ဆွီဒင်ထုတ်ကားတွေကလည်း ပေါ်လိုက်ပျောက်လိုက် ဖြစ်ခဲ့ တာပါ။
၁၉၂၃ ခုနှစ်က ဂိုသင်ဘတ်မှာပြုလုပ်တဲ့ ကားပြပွဲမှာ ကားလုပ်ငန်း ၉၇ ခုက လာရောက်ပြသခဲ့ပြီး ဆွီဒင်လူမျိုးတွေက စိတ်ဝင်တစားလာ ရောက်ကြည့်ရှုခဲ့ပါတယ်။ ၁၉၂ဝ ပြည့်လွန်နှစ်အစောပိုင်းက ဆွီဒင်မှာ နိုင်ငံခြားကတင်သွင်းလာတဲ့ ကားရောင်းအားက တစ်နှစ်ကို အစီးရေ ၁၂,ဝဝဝ ရှိခဲ့ပေမဲ့လည်း ၁၉၂၅ ခုနှစ်မှာတော့ တစ်နှစ်ကို ၁၄,၅ဝဝ စီးအထိ မြင့် တက်လာခဲ့ပါတယ်။ ဒါကြောင့် Volvo ထူထောင် သူတွေဟာ ၎င်းတို့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ကားထုတ်လုပ်နိုင်ရေးအ တွက် အချိန်ယူကြိုးစားခဲ့ပြီး စတင်တည်ထောင်တဲ့ ၁၉၂၇ ခုနှစ်မှာပဲ ၎င်းတို့ရဲ့ပထမဆုံးကားအဖြစ် Volvo OV4 ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။
တံခါးလေးပေါက်၊ လူလေးယောက်စီး အမိုးဖွင့်ကားမှာ မြင်း ကောင်ရေ ၂၈ ကောင်အား အင်ဂျင်တပ်ဆင်ထားပြီး အမြင့်ဆုံးအနေနဲ့ တစ်နာရီ ၅၆ မိုင်နှုန်းအထိ မောင်းနှင်နိုင်ပါတယ်။ စတင်ထုတ်လုပ်တဲ့ ပထမနှစ်မှာပဲ OV4 မိုဒယ်ဟာ အစီးရေ သုံးရာအထိ ရောင်းချနိုင်ခဲ့ပြီး ဆွီဒင်ကားလောကကို လှုပ်နှိုးနိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ နောက် တစ်နှစ်ဖြစ်တဲ့ ၁၉၂၈ ခုနှစ်မှာတော့ Volvo ဟာ ၎င်းတို့ကုမ္ပဏီ ထုတ်ကားတွေကို ရောင်းချနိုင်ရေးအတွက် အိမ်နီးချင်းဖင်လန်နိုင်ငံမှာ အရောင်းစင်တာဖွင့်လှစ်နိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ OV4 ကို ၁၉၂၉ ခုနှစ်အထိ ထုတ်လုပ်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ရောင်းအား ကောင်းခဲ့တဲ့ Volvo ဟာ နောက်ပိုင်းမှာတော့ လုပ်ငန်းသုံးကားတွေ၊ ထရပ်ကားတွေကအစ တက္ကစီတွေအထိပါ ထုတ်လုပ်ရောင်းချပြီး ဥရောပ ထိပ်တန်းကားကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တာ လက်ရှိအချိန်အထိ ဆိုရင် ၉၃ နှစ်တာကာလအထိ ရောက်ရှိနေပါပြီ။

LEAVE A REPLY

Please enter your comment!
Please enter your name here