Velomobile တွေအကြောင်း တစေ့တစောင်း

1408

Velomobile ခေါ် Bicycle Car (ကားစက်ဘီး) ဆိုတာ လေခွင်းအားရရှိဖို့အတွက်နဲ့ ရာသီဥတုဒဏ်နဲ့ မတော်တဆယာဉ်တိုက်မှုတွေကနေ ကာကွယ်ပေးဖို့အတွက် အမိုးအကာပါဝင်ပြီး လူသားတို့ရဲ့ကာယစွမ်းရည် ကို အသုံးပြုမောင်းနှင်ရတဲ့ Huma-Powered Vehicle(HPV) ယာဉ်တစ်စီးဖြစ်ပါတယ်။ အဲဒီယာဉ်တွေဟာ ထိုင်ခုံနောက်မှီပါတဲ့စက်ဘီးနဲ့ သုံးဘီးစက်ဘီးတွေကနေ အခြေခံပေါ်ပေါက်လာတာဖြစ်ပြီး Aerodynamic လို့ခေါ်တဲ့ လေစီးဆင်းမှုချောမွေ့စေမယ့် အရှေ့ဘက်လေကာအစိတ်အပိုင်းပါဝင်ပါတယ်။ ခြေနင်းပြား အသုံးပြုမောင်းနှင်ရတဲ့ အမိုးအကာပါ နှစ်ဘီးတပ်ယာဉ်တွေကိုတော့ Streamliner လို့ ခေါ်ဝေါ်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဖို့အတွက် အဓိကရည်ရွယ်ခဲ့တာပါ။ သုံးဘီးနဲ့အထက်ယာဉ်တွေကတော့ လေခွင်းမောင်းနှင်တဲ့အခါမှာ ပိုတည်ငြိမ်မှုရှိတာကြောင့် နေ့စဉ်အသုံးပြုဖို့ ပိုပြီးသင့်လျော်ပါတယ်။ ဒါပေမဲ့ ဘီးအပိုတွေဟာ လေခုခံအားကို ပိုတိုးစေပြီး စွမ်းအင်ကို လျော့ကျစေတာကြောင့် ပြိုင်ပွဲမှာ အသုံးပြုဖို့တော့ အကန့်အသတ်ရှိပါတယ်။

ပထမကမ္ဘာစစ်မတိုင်ခင်တုန်းက Charles Mochet ဆိုသူဟာ သားဖြစ်သူအတွက် လေးဘီးတပ် အသေးစား ကားစက်ဘီးကို တည်ဆောက်ပေးခဲ့ပြီး Velocar လို့ခေါ်တဲ့ အသေးစားယာဉ်မိုဒယ်များစွာကိုလည်း ဖန်တီးတည်ဆောက်ခဲ့ပါတယ်။ တချို့ကားစက်ဘီးမိုဒယ်တွေဟာ ထိုင်ခုံနှစ်ခုံပါပြီး အတော်များများကတော့ ခြေနင်းပြားအသုံးပြုစီးနင်းရတဲ့ ယာဉ်ငယ်တွေဖြစ်ပေမဲ့ နောင်နှစ်များစွာကြာတဲ့အခါမှာတော့ အဲဒီလို ယာဉ်တော်တော်များများကို အင်ဂျင်အသေးစားတွေ တပ်ဆင်အသုံးပြုခဲ့ကြပါတယ်။ ၁၉၇ဝ ပြည့်လွန်နှစ်တွေမှာတော့ လူ့ကာယအားကို အသုံးပြုမောင်းနှင်ရတဲ့ People Powered Vehicle(PPV) ယာဉ်တွေ ထုတ်လုပ်ခဲ့ပြီး ရှေ့/နောက်ထိုင်ခုံ နှစ်ခုံပါဝင်တဲ့ အဲဒီယာဉ်တွေဟာ ပေါင် ၁၁ဝ ကျော် လေးလံပေမဲ့ စီးနင်းရတာ ပေါ့ပါးပြီး ထိုင်ခုံတွေ သက်သောင့်သက်သာရှိတာ၊ ရာသီဥတု အကာအကွယ်ဖြစ်တာ၊ ပစ္စည်းထည့်စရာနေရာ သင့်တင့်တာ တို့လို အားသာချက်တွေရှိပါတယ်။ ဒါပေမဲ့လည်း အားနည်းချက်တွေနဲ့တော့ မကင်းခဲ့ပါဘူး။

ကမ္ဘာမှာ Velomobile တည်ဆောက်သူ အနည်းငယ်သာရှိပြီး တချို့ Velomobile တွေက အိမ်တွင်းဖြစ်တွေပါ။ တချို့ Velomobile မိုဒယ်တွေဟာ ခေါင်းပြူပြီး မောင်းနှင်ရတဲ့ပုံစံတွေဖြစ်လို့ အားနည်းချက်အနေနဲ့ လေခွင်းအားနည်းမှုနဲ့ ရာသီဥတုဒဏ်ခံရမှုရှိပါတယ်။ ဟိုက်ဘရစ်မိုဒယ် Velomobile တွေကတော့ လူ့ကာယအားနဲ့ လျှပ်စစ်မိုတာရဲ့ စွမ်းရည်ကို ပူးပေါင်းအသုံးပြုရပါတယ်။ Velomobile တွေကို အရေအတွက် အနည်းအကျဉ်းလောက်ပဲ ထုတ်လုပ်ကြပြီး ၁၉၈၅ ခုနှစ်ဝန်းကျင်လောက်တုန်းကတော့ Siclair C5 Velomobile ကို စျေးနှုန်းချိုချိုနဲ့ အရေအတွက်များများ ထုတ်လုပ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ သုံးဘီးတပ် C5 ဟာ ဒီဇိုင်းပိုင်းအားနည်းခဲ့ပြီး ဂီယာတစ်ချက်ပဲပါတာ၊ ထိုင်ခုံ အကွာအဝေး ချိန်ညှိလို့ မရတာ၊ လေးလံတာတို့လို တခြားအားနည်းချက်တွေ အတော်များခဲ့ပါတယ်။ ၂ဝ၁၇ ခုနှစ်အထိ Velomobile ကို စီးပွားဖြစ်ထုတ်လုပ်သူ တော်တော်များများရှိသလို တစ်စီးတလေပဲထုတ်တဲ့ ထုတ်လုပ်သူတွေလည်း မနည်းပါဘူး။ ဒါပေမဲ့ ထုတ်လုပ်သူတိုင်းလိုလိုဟာ တစ်ဖက်ဖက်မှာပဲ အလေးသာကြပါတယ်။ ဥပမာဆိုရင် အရှိန်မြန်ဖို့အတွက် လေခွင်းအားနဲ့ ပေါ့ပါးမှုကို အလေးပေးဖန်တီးထားပေမဲ့ အဝင်/အထွက်လွယ်ကူမှု၊ သက်သောင့်သက်သာရှိမှုနဲ့ တခြားကိစ္စရပ်တွေမှာတော့ အားနည်းချက်တွေရှိပါတယ်။ ထိုင်ခုံခါးပတ်၊ အသက်ကယ်လေအိတ် စတာတွေမပါဝင်တဲ့ Velomobile တွေဟာ ကားတွေလို လုံခြုံစိတ်ချရမှုမရှိပေမဲ့ စက်ဘီးတွေထက်တော့ ပိုလုံခြုံပါတယ်။ Velomobile တွေကို ဒိန်းမတ်၊ ဟော်လန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ချက်၊ အမေရိကန်ပြည်ထောင်စုနဲ့ သြစတြေးလျ နိုင်ငံတွေမှာ အဓိက ထုတ်လုပ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here