UK ထုတ် အစီးရေ ၄ ဒသမ ၅ သန်းမြောက် Corolla Hatchback ကားကို Toyota ပြသ

209

 

ဂျပန်ထိပ်တန်းကားကုမ္ပဏီ Toyota ၏ ဗြိတိန် ဒါဘီရှိုးယားဒေသမှ Burnaston ကားစက်ရုံမှ သမိုင်းဝင် Corolla Hatchback ကားတစ်စီးကို ဇွန် ၁၂ ရက်တွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း dailymail သတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။
Burnaston စက်ရုံမှ ထုတ်လုပ်ခဲ့သည့် အဆိုပါကားသည် ယင်းစက်ရုံထုတ်ကားများတွင် အစီးရေ ၄ ဒသမ ၅ သန်းမြောက်အဖြစ် ထုတ်လုပ်သည့်ကားဖြစ်ပြီး ယင်း Corolla Hatchback ဘယ်မောင်းကားတွင် 1.8 Litre Hybrid အင်ဂျင်တပ်ဆင်ထားကာ ပိုလန်ဈေးကွက်အတွက် ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ Burnaston စက်ရုံထုတ် ကားများ၏ ၅၀ ရာခိုင်နှုန်းကို ပိုလန်ဈေးကွက်သို့ တင်ပို့ရောင်းချလေ့ရှိသည်။
Burnaston စက်ရုံသည် Toyota ၏ ဥရောပတိုက်တွင် ပထမဆုံးဖွင့်လှစ်သော ကားစက်ရုံဖြစ်ပြီး ၁၉၉၂ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် လုပ်ငန်း စတင်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းစက်ရုံတွင် အလုပ်သမားဦးရေ ၃,၁၀၀ ရှိပြီး ၈၉ စက္ကန့်တိုင်း ကားတစ်စီးထုတ်လုပ်လျက်ရှိကာ တစ်နှစ်လျှင် ပျမ်းမျှအစီးရေ ၁၅၀,၀၀၀ အထိ ထုတ်လုပ်နိုင်ကြောင်း သိရသည်။ Toyota Motor Manufacturing UK ၏ မန်နေဂျင်းဒါရိုက်တာ Jim Crosbie က “အစီးရေ ၄ ဒသမ ၅ သန်းမြောက် Corolla Hatchback ကားကို မြင်တွေ့ရတာဟာ ဒီစက်ရုံက ထုတ်လုပ်မှုသက်တမ်း နှစ် သုံးဆယ်နီးပါးအတွင်း အရည်အသွေးမြင့်ကားတွေထုတ်လုပ်ခဲ့တဲ့ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ၊ ဒါက ဒီစက်ရုံမှာရှိတဲ့ ဝန်ထမ်းအားလုံးရဲ့ညီညွတ်တဲ့အသင်းအဖွဲ့စိတ်ဓာတ်နဲ့ ကတိကဝတ်တွေကို ပြသရာလည်း ရောက်ပါတယ်” ဟု ပြောကြားခဲ့သည်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ကြောင့် Burnaston ကားစက်ရုံကို နှစ်လတာ ပိတ်ထားခဲ့ရာမှ မေ ၂၆ ရက်တွင် ပထမဆုံးအကြိမ် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၂ ရက်တွင် အစီးရေ ၄ ဒသမ ၅ သန်းမြောက် Corolla Hatchback ကို ထုတ်လုပ်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။ ယခင်က အဆိုပါစက်ရုံမှ Carina E ၊ Avensis ၊ Corolla ၊ Auris ၊ Auris Hybrid မိုဒယ်များထုတ်လုပ်ခဲ့သော်လည်း လက်ရှိတွင် Corolla Hatchback တစ်မျိုးတည်းသာ ထုတ်လုပ်လျက်ရှိသည်။ Toyota သည် လက်ရှိအချိန်တွင် ဥရောပဈေးကွက်၏ ထုတ်လုပ်မှုဗဟိုချက်မဖြစ်သည့် Burnaston စက်ရုံကို ပေါင် ၂ ဒသမ ၇၅ ဘီလျံရင်းနှီးမြှုပ်နှံကာ အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

Source : dailymail.co.uk

LEAVE A REPLY

Please enter your comment!
Please enter your name here