UD Group မှ မန္တလေးတိုင်း မြို့၀င်စစ်ဆေးရေးဂိတ်များတွင် အသုံးပြုရန် Covid-19 Mobile Testing Vehicle နှစ်စီးလှူဒါန်း

113

 

မန္တ​လေး၊ ​အောက်တိုဘာ ၉

Universal Dexterity Group Company Limited (UD Group) မိသားစုက မန္တလေးတိုင်း မြို့၀င်စစ်ဆေးရေးဂိတ်များတွင် အသုံးပြုရန် Covid-19 Mobile Testing Vehicle နှစ်စီးကို ယမန်​နေ့က လှူဒါန်းခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“နာဂစ်ဖြစ်တုန်းကလည်း တတ်နိုင်တဲ့ဘက်က ပါ၀င်ကူညီခဲ့တယ်၊ အခု Covid-19 ဖြစ်တဲ့အချိန်လည်း တတ်နိုင်တဲ့ဘက်က ပါ၀င်ကူညီပေးတာပါ” ဟု UD Group မှ ဒါရိုက်တာ ဦးဝေလင်းထွန်းက ပြောကြားသည်။

​အောက်တိုဘာ ၈ ရက်တွင် UD Group မိသားစု လာရောက်လှူဒါန်းသည့် Covid-19 Mobile Testing Vehicle နှစ်စီးအနက် Micro Bus သည် Swab Test စစ်ရန် ဆရာ၀န်လေးဦး လိုက်ပါနိုင်၍ တစ်ပြိုင်တည်း လူ ​လေးဦးထံမှ Swab နမူနာ ယူနိုင်မည်ဖြစ်ကာ ကျန်တစ်စီးသည် Suzuki Carry Truck ဖြစ်ပြီး ဆရာ၀န် နှစ်ဦး လိုက်ပါနိုင်ပြီး နှစ်ဦးတစ်ပြိုင်တည်း Swab နမူနာ ရယူနိုင်ကြောင်း၊ လက်ရှိတွင် မန္တလေးတိုင်းအ၀င် စစ်ဆေးရေးဂိတ် ၁၀ ဂိတ်ရှိသည့်အနက် ၀က်ဝံဂိတ်နှင့် ဗဟို၀န်ထမ်းတက္ကသိုလ် နှစ်နေရာစလုံး လိုအပ်သလို အသုံးပြုနိုင်ရန် တစ်စီး၊ မန္တလေးတိုင်းအတွင်း လိုအပ်သည့်နေရာများတွင် အရေးပေါ်အသုံးပြုနိုင်ရန် တစ်စီး စသည်ဖြင့် ဦးစားပေးရမည့်နေရာများသို့ ထားရှိပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထပ်မံသိရသည်။

“အခုလာလှူတဲ့ကားတွေမှာ အဲကွန်းပါတယ်၊ မီးစက်နဲ့ရော လျှပ်စစ်မီးနဲ့ပါ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် အများကြီးအထောက်အကူပြုလိမ့်မယ်” ဟု မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာ၀န်ရှိသူတစ်ဦးက ဆိုသည်။

မန္တလေးတိုင်းဒေသကြီး အ၀င်ပေါက်များဖြစ်သော အမရပူရမြို့နယ် ရတနာပုံတံတားထိပ် နှာပေါက်၀ဂိတ်၊ ပြင်ဦးလွင်မြို့တွင်မူ လားရှိုး-မန္တလေးလမ်းပေါ်ရှိ ၀က်ဝံဂိတ်၊ မတ္တရာမြို့တွင်မူ မန္တလေး-မိုးကုတ်လမ်းပေါ်ရှိ ဒင်္ဂါးချောင်းဂိတ်၊ မိတ္ထီလာမြို့တွင်မူ အမြန်လမ်း ၂၈၅ မိုင် သီးကုန်းဂိတ်၊ သာစည်မြို့တွင်မူ မိတ္ထီလာ-တောင်ကြီးလမ်းပေါ်ရှိ ကျွဲတပ်ဆုံဂိတ်၊ ရမည်းသင်းမြို့တွင်မူ အမြန်လမ်း(ဟောင်း) သံကွဲဂိတ်၊ ပျော်ဘွယ်မြို့တွင်မူ အမြန်လမ်း ၂၆၂ မိုင်နှင့် နတ်မောက်-ပျော်ဘွယ် လမ်းဆုံ ပေပင်လေးဂိတ်၊ ညောင်ဦးမြို့တွင်မူ ချောက်-ညောင်ဦး စဉ့်ကူတိုက်နယ်ဆေးရုံရှေ့နှင့် လက်ပန်ခြေပေါ်-ပခုက္ကူတံတား၊ ကျောက်ပန်းတောင်းမြို့တွင်မူ ကျောက်ပန်းတောင်း-ဂွေးချို၊ ကောင်းမွန်ဂိတ် စသည့် မန္တလေးတိုင်းဒေသကြီး အ၀င်နေရာများတွင် စစ်ဆေးရေးဂိတ်စခန်းများ ဖွင့်လှစ်ထားပြီး ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို Rapid Test Kit ဖြင့် Covid-19 ပိုးရှိမရှိ စစ်ဆေးပေးလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။
ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here