
အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ကားကုမ္ပဏီ Tata သည် ကမ္ဘာ့ စျေး အပေါဆုံးကားမိုဒယ် Nano ကို ၂ဝ၁၉ ခုနှစ်နောက်ပိုင်း ထပ်မံ ထုတ်လုပ်တော့မည် မဟုတ်ကြောင်း ဇူလိုင် ၂၄ ရက်တွင် Xinhua သတင်းဌာနက ရေးသားဖော်ပြခဲ့ သည်။
Tata က ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော Nano ကို လူတိုင်း စီးနင်းနိုင်ရန်အတွက် People’s Car ဟု မှည့်ခေါ်ကာ ပျမ်းမျှစျေးနှုန်း အမေရိကန်ဒေါ်လာ ၂,၅ဝဝ ဖြင့်သာ ရောင်းချပေးခဲ့ သည်။ သို့ရာတွင် Nano ကားကို တစ်နှစ်နောက်ကျပြီးမှ စျေးကွက် အတွင်း ဖြန့်ချိနိုင်ခဲ့သလို မီးလောင် တတ်သည့် အားနည်းချက်ကြောင့် လည်း ဝယ်သူများအပေါ် မဆွဲ ဆောင်နိုင်ခဲ့ဘဲ ၂ဝ၁၃ ခုနှစ် နောက်ပိုင်း ရောင်းအားသိသာစွာ ကျဆင်းလာခဲ့သည်။
Nano ကားသည် စျေးသက် သာမှုကို အဓိကဦးစားပေး ထုတ်လုပ် ထားသဖြင့် မောင်းနှင်ရာတွင် သုံးသည့် Feature အများအပြား မပါသလို စွမ်းဆောင်ရည်မှာလည်း နိမ့်ပါးခဲ့သည်။ ထို့ပြင် အိန္ဒိယ ပြည်သူများက မော်တော်ကားကို ခရီးသွားလာရေးအတွက် သာမက လူမှုအဆင့်အတန်း ပြယုဂ်အဖြစ်ပါ သဘောထားလာသဖြင့် စျေးသက်သာ သော်လည်း Nano ကားရောင်း အားကျလာခြင်းဟု လေ့လာဆန်းစစ် သူများက သုံးသပ်ကြသည်။ Tata သည် ၂ဝ၁၇ ခုနှစ်၊ ဇွန်လက Nano ကားအစီးရေ ၂၇၅ စီး ထုတ်လုပ်ခဲ့သော်လည်း ယခုနှစ်၊ ဇွန်လတွင် တစ်စီးသာ ထုတ်လုပ်ခဲ့ သည်။ ပြည်တွင်းစျေးကွက် ရောင်းချ ရမှုတွင် ၂ဝ၁၇ ခုနှစ်၊ ဇွန်လက Nano ကား ၁၆၇ စီး ရောင်းခဲ့ရာမှ တစ်နှစ်အကြာတွင် သုံးစီးသာ ရောင်းရသည်အထိ ကျဆင်းခဲ့ ကြောင်း သိရသည်။ ဆယ်စုနှစ် တစ်စုသာ သက်တမ်းရှိသေးသည့် Nano ကားကို အသက်ဆက်ရန် ရင်းနှီးမြှုပ်နှံမှုအသစ်များ လုပ်ဖို့ လိုအပ်နေပြီး လက်ရှိ Nano ကား မိုဒယ်ကို ၂ဝ၁၉ ခုနှစ်နောက်ပိုင်း ထပ်မံ ထုတ်လုပ်တော့မည်မဟုတ် ဟု Tata က ကြေညာခဲ့ကြောင်း နယူးဒေလီအခြေစိုက် စီးပွားရေး သတင်းစာ Mint က ဖော်ပြသွား သည်။
Ref: Xinhua