Tanzania နိုင်ငံ၌  တောတွင်းဆာဖာရီခရီးစဉ်အတွင်း နိုင်ငံခြားခရီးသည်များပါဝင်သည့် ဂျစ်ကားနောက်ခန်းထိုင်ခုံပေါ်အထိ အာဖရိက  တောလိုက်ကျားသစ်တစ်ကောင်  ဝင်ရောက်

827

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ပြည်နယ်၊ ဆီယက်တယ်မြို့တွင် နေထိုင်သည့် Britton Hayes ဆိုသူ အမျိုးသား လိုက်ပါလာသော အာဖရိကတိုက်၊ Tanzania နိုင်ငံ ဆာဖာရီ ခရီးစဉ်၌ ခရီးသွားအဖွဲ့က ကားရှေ့စက်ဖုံးပေါ် တက်လာသည့် အာဖရိက တောလိုက်ကျားသစ်တစ်ကောင်ကိုကြည့်နေစဉ် အခြား ကျားသစ်တစ်ကောင်က ကားနောက်ခန်းထိုင်ခုံပေါ်အထိ ဝင်ရောက်လာခဲ့ကြောင်း မတ် ၃ဝ ရက်တွင် Daily Mail သတင်းဌာနက ရေး သား ဖော်ပြခဲ့သည်။

အဆိုပါခရီးစဉ်တွင် Hayes တို့ ခရီးသွားအဖွဲ့၏ ဂျစ်ကားသည် သားကောင်ကို အမဲလိုက်နေသည့် အာဖရိက တောလိုက်ကျားသစ် သုံးကောင်နှင့် ဆုံတွေ့ခဲ့ပြီး တစ်ကောင်မှာ ၎င်းတို့ကား၏ အရှေ့ စက်ဖုံးပေါ် တက်ရောက်လာသောကြောင့် အာရုံစိုက်ကြည့်ရှုနေကြစဉ် ဒုတိယ ကျားသစ်တစ်ကောင်မှာ ကားနောက်ခန်း ထိုင်ခုံပေါ်အထိ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ကြောက်မက်ဖွယ် အခိုက်အတန့်တွင် သူထိုင်နေသည့် ခုံအနောက်ဘက်၌ ပတ်ဝန်းကျင်ကို စူးစမ်းနေသော ကျားသစ်နှင့် အနီးကပ်ဆုံးရှိနေသည့် Hayes သည် ဧည့်လမ်းညွှန်း၏ ညွှန်ကြားမှုဖြင့် မလှုပ်မယှက် ငြိမ်သက်စွာ နေခဲ့ရသော်လည်း ၎င်းတို့အဖွဲ့ထဲမှ Peter Heistein ဆိုသူက အဆိုပါ ကျားသစ်၏ လှုပ်ရှားမှုများကို အမိအရ ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ သည်။ ၎င်းတို့အဖွဲ့အနေဖြင့် ကျားသစ်ကားပေါ်ရောက်ပြီး ကားအတွင်းကို စူးစမ်းနေချိန်မှ သတိထားမိခဲ့ကြသောကြောင့် ကားမောင်းပြေးချိန် မရခဲ့ကြောင်းနှင့် အဆိုပါကျားသစ်သည် အချိန်ခဏတာမျှ ကားကို စူးစမ်းကာ ထိုင်ခုံ အပေါ်ဘက်ကို ကိုက်ဝါးပြီးနောက် ကားပေါ်မှ ခုန်ဆင်းသွားခဲ့ကြောင်း Hayes က ထုတ်ဖော်ပြောကြားခဲ့သည်။

Hayes အနေဖြင့် ကားပေါ် သို့ ကျားသစ်ရောက်နေစဉ် အသက်မျှဉ်းမျှဉ်းရှူပြီး ငြိမ်သက်စွာနေရန် ညွှန်ကြားပြသပေးသည့် သူ၏ ဧည့်လမ်းညွှန်ကို ချီးကျူးပြောဆိုခဲ့ပြီး အဆိုပါ အခိုက်အတန့်သည့် သူ့ဘဝ၏ ကြောက်စရာအကောင်းဆုံးအချိန်တစ်ချိန် ဖြစ်သည်ဟု လည်း ဆိုသည်။ ၎င်းတို့ကားပေါ်မှ ကျားသစ် ပြန်ဆင်းသွားချိန်တွင် အဖွဲ့ဝင်များသည် ၁ဝ စက္ကန့်လောက် မှင်တက်နေခဲ့ကြပြီး နောက်ဆုံးမှ စိတ်သက်သာရာရကာ အကြောက်အလန့်ကင်းကင်း ရယ်မောနိုင်ခဲ့ကြသည်ဟုလည်း ဖြည့်စွက်ပြောကြား ခဲ့သည်။

Ref  :  Daily Mail

LEAVE A REPLY

Please enter your comment!
Please enter your name here