မန္တလေး၊ စက်တင်ဘာ ၂၆
နှစ်အနည်းငယ်တိုင် မန္တလေးစျေးကွက်အတွင်းမှ ပျောက်ကွယ်ခဲ့သော Suzuki ဆိုင်ကယ်များသည် ယခုအခါ မန္တလေးစျေးကွက်အတွင်းသို့ ပြန်လည်၀င်ရောက်လာပြီး Suzuki New Smash 113 ဆိုင်ကယ်များကို စတင်ရောင်းချပေးလျက်ရှိကြောင်း DT Naing Oo ဆိုင်ကယ်အရောင်းပြခန်းမှ သိရသည်။
“Suzuki က ဆိုင်ကယ်လောကမှာ တစ်ခေတ်တစ်ခါက မြန်မာပြည်က နာမည်ရခဲ့တယ်၊ နောက်ပိုင်း ပျောက်သလိုဖြစ်သွားတယ်ပေါ့၊ အခု စျေးကွက်ထဲကို ပြန်လည်ရောက်ရှိလာတယ်၊ အခု တစ်ကျော့ပြန်၀င်လာတဲ့ New Smash က Suzuki ရဲ့ နှစ် တစ်ရာပြည့် အထိမ်းအမှတ်နဲ့ ထုတ်လုပ်လိုက်တာဖြစ်လို့ တစ်စီးလုံး ဒီဇိုင်းပြောင်းသွားတယ်၊ စတစ်ကာပြောင်းသွားတယ်၊ ပိုလှလာတယ်ပေါ့” ဟု Suzuki ဆိုင်ကယ်၏ မန္တလေးမြို့ ကိုယ်စားလှယ်ဖြစ်သည့် DT Naing Oo ဆိုင်ကယ်အရောင်းပြခန်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုချမ်းမြေ့နိုင်ဦးက ပြောကြားသည်။
ထိုင်းနိုင်ငံထုတ်ဖြစ်သော Suzuki Smash ဆိုင်ကယ်များသည် ယခင်က 110 CC ဖြင့် ၀င်ရောက်ခဲ့သော်လည်း ယခုအခါ 113 CC ကို New Smash ဟူ၍ ပြန်လည်၀င်ရောက်လာပြီး ကာဗာဒီဇိုင်းများသာမက မိုင်းလစ်ခွက်ဒီဇိုင်းပါ ပြောင်းသွားကာ Disk ဘရိတ်နှင့် Half ဘရိတ်ဟု နှစ်မျိုးနှစ်စားခွဲခြား ထုတ်လုပ်ထားကြောင်း DT Naing Oo ဆိုင်ကယ်အရောင်းပြခန်းမှ ထပ်မံသိရသည်။
“Disk ဘရိတ်နဲ့ New Smash က Half ဘရိတ် အမျိုးအစားထက် ခုနစ်သောင်းပိုများတယ်၊ အခု New Smash က ထိုင်လိုက်ရင် လုံး၀ Fitting ကျတယ်၊ သော့လည်း နှစ်ထပ်ဖြစ်သွားတယ်၊ Suzuki အင်ဂျင်ဖြစ်တဲ့အတွက် အင်ဂျင်အရုန်းအဆွဲက ပြောစရာမလိုအောင် ကောင်းပြီးသား၊ Smash ဆိုင်ကယ် ဘယ်လောက်အထိ စီးလို့ကောင်းတယ်ဆိုတာ ဟိုးအရင် Suzuki ဆိုင်ကယ်စီးဖူးသူတိုင်း သိကြပြီးသား၊ ပြီးတော့ အခု၀င်လာတဲ့ New Smash ဆိုင်ကယ်နဲ့ပတ်သက်ရင် အပိုပစ္စည်းရဖို့ လုံး၀အာမခံတယ်” ဟု အဆိုပါအရောင်းပြခန်းမှ ဒါရိုက်တာတစ်ဦးဖြစ်သူ ကိုချမ်းမြေ့နိုင်ဦးက ထပ်မံဆိုသည်။
မန္တလေးစျေးကွက်အတွင်းသို့ မကြာသေးမီက ရောက်ရှိလာသော Suzuki New Smash 113 ဆိုင်ကယ်သည် အနက်ရောင်၊ အဖြူရောင်၊ နက်နီရောင် စသည်ဖြင့် အရောင် သုံးရောင် ထွက်ရှိထားပြီး အင်ဂျင် Warranty ၂ နှစ်အာမခံပေးထားကာ တစ်စီးလျှင် မြန်မာငွေ (Disk ဘရိတ်) ကျပ် ၁,၉၅၀,၀၀၀၊ (Half ဘရိတ်) ကျပ် ၁,၈၈၀,၀၀၀ နှုန်းထားများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)