Suzuki က အိန္ဒိယနိုင်ငံတွင်  ၃၄  နှစ်ကျော်ကာလအတွင်း ကားအစီးရေ သန်းနှစ်ဆယ် ထုတ်လုပ်သည့် စံချိန်သစ်တင်

647

အိန္ဒိယနိုင်ငံ၏ အကြီးဆုံးကား ထုတ်လုပ်သူအဖြစ် ရပ်တည်နေသော Maruti Suzuki သည် အစီးရေ သန်းနှစ်ဆယ်မြောက် ထုတ်လုပ်သည့် စံချိန်သစ်တင်ခဲ့ကြောင်း ဇွန် ၄ ရက်တွင် Autocar သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့သည်။

ဂျပန်ကားကုမ္ပဏီ Suzuki သည် အိန္ဒိယနိုင်ငံတွင် ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာလမှစတင်၍ ပထမဆုံး မိုဒယ် Maruti 800  ကို စတင်ထုတ်လုပ်ခဲ့ပြီး သက်တမ်း ၃၄ နှစ် နှင့် ငါးလအတွင်း နောက်ဆုံးပေါ် တတိယမျိုးဆက် Swift ကို ထုတ်လုပ်ခြင်းဖြင့် အစီးရေ သန်းနှစ်ဆယ်ပြည့် ထုတ်လုပ်နိုင်သော စံချိန်သစ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယသည် ဂျပန်ပြီးနောက် Suzuki ကားအစီးရေ သန်းနှစ်ဆယ်ပြည့် ထုတ်လုပ်နိုင်သော ဒုတိယနိုင်ငံ ဖြစ်လာကာ ဂျပန်နိုင်ငံတွင် Suzuki ကားအစီးရေ သန်းနှစ်ဆယ်ပြည့်အောင် ထုတ်လုပ်ရသည့် ၄၅ နှစ် နှင့် ကိုးလကြာသော စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။

Maruti Suzuki သည် အိန္ဒိယနိုင်ငံတွင် ကားအစီးရေ ၁ဝ သန်း ပြည့်မီရန် ၂၈ နှစ် ကြာမြင့်ခဲ့သော်လည်း အစီးရေ သန်းနှစ်ဆယ် ပြည့်ရန်ကိုမူ အချိန် ခုနစ်နှစ်သာ ထပ်ယူခဲ့ရသည်။ အိန္ဒိယ ကားဝယ်ယူသူများအနက် နှစ်ဦးလျှင် တစ်ဦး က Suzuki ကားကို ရွေးချယ်ဝယ်ယူကြပြီး အရောင်းရဆုံးမိုဒယ်အဖြစ် Alto က အစီးရေ ၃ ဒသမ ၁၇ သန်းခန့်၊ Maruti 800 က ၂ ဒသမ ၉၁ သန်းတို့ဖြင့် ထိပ်ဆုံး၌ ရပ်တည်နေသည်။ အိန္ဒိယနိုင်ငံတွင် Maruti Suzuki စက်ရုံသုံးရုံရှိပြီး ၂ဝ၁၇ ဘတ်ဂျက်နှစ်အတွင်း ယင်း စက်ရုံသုံးရုံမှ Dzire ၊ Baleno ၊ Alto ၊Swift  ၊ Wagon R နှင့် Vitara Brezza စသည့် မိုဒယ် ၁၆ မျိုးကို အစီးရေ ၁ ဒသမ ၇၈ သန်း ဝန်းကျင် ထုတ်လုပ်ခဲ့ရာ အိန္ဒိယ ပြည်တွင်းတွင်ပင် အစီးရေ ၁ ဒသမ ၆၅ သန်း ရောင်းချခဲ့ရပြီး ကျန်အစီး ၁၃ဝ,ဝဝဝ ကို ဥရောပ၊ ဂျပန်၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံပေါင်း တစ်ရာကျော်သို့ တင်ပို့ရောင်းချခဲ့ကြောင်း သိရသည်။

Ref : Autocar

LEAVE A REPLY

Please enter your comment!
Please enter your name here