Subaru ရဲ့ ပထမဆုံးအကြိမ် ထူးခြားစွာ ပြောင်းလဲထုတ်လုပ်ခဲ့တဲ့ SUV မိုဒယ် 2019 Ascent ဆိုတာ . . .

134

 

Subaru ဆိုတာ တိုကျိုအခြေစိုက် ဂျပန်ကားကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၉၅၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်လို့ ကုမ္ပဏီသက်တမ်းက ၆၆ နှစ် ရှိနေပြီ ဖြစ်ပါတယ်။ တခြား Toyota ၊ Honda ၊ Nissan တို့လို နာမည်မကြီးပေမဲ့ ၂၀၁၂ ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ ကားအရေအတွက်အရ ကမ္ဘာပေါ်မှာ ၂၂ ခုမြောက် အကြီးမားဆုံး ကားထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Subaru ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၂၈ ရက်က ပြုလုပ်တဲ့ LA Auto Show မှာ Mid-size Crossover SUV မိုဒယ် ဖြစ်တဲ့ Ascent ကို တရားဝင်ပြသခဲ့ပြီး ရောင်းချမှုကိုတော့ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ စတင်ခဲ့ပါတယ်။ ထုတ်လုပ်မှုကို အင်ဒီယားနား ပြည်နယ် Lafayette စက်ရုံကနေ စတင်ခဲ့တာဖြစ်ပြီး စတင်ထုတ်လုပ် တဲ့ ၂၀၁၈ မိုဒယ်မှာပဲ ချွတ်ယွင်းချက်တစ်ခုကြောင့် ရာဂဏန်းရှိတဲ့ ကား အစီးပမာဏကို ဈေးကွက်ထဲကနေ ပြန်လည်သိမ်းဆည်းခဲ့ရပါတယ်။

ဂဟေဆော်တဲ့နေရာမှာ အမှားအယွင်းရှိခဲ့တာကြောင့် အနည်းဆုံး ကားအစီးရေ သုံးရာလောက်ကို ပြန်ပြီးသိမ်းဆည်းခဲ့သလို ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ပြီးမှ ဝယ်ယူသူတွေစိတ်ကျေနပ်အောင် ဖြည့်ဆည်းပေးခဲ့ပါ တယ်။ စတင်ထုတ်လုပ်တဲ့မိုဒယ်မှာပဲ ချွတ်ယွင်းအားနည်းမှုတွေရှိခဲ့ပေမဲ့ လည်း Subaru ဟာ ၂၀၁၉ မိုဒယ် Ascent ကို ယုံယုံကြည်ကြည်ထုတ်လုပ်ပြီး ဈေးကွက်ထဲ တရားဝင်ရောင်းချခဲ့တာပါ။

အဲဒီ ၂၀၁၉ မိုဒယ်ရဲ့ ထူးခြားချက် တစ်ခုကတော့ Subaru ဟာ သူတို့ထုတ်လုပ်တဲ့ SUV တွေထဲမှာ လူခုနစ်ဦးကနေ ရှစ်ဦးအထိ စီးနင်းနိုင်တဲ့ ထိုင်ခုံသုံးတန်း ဒီဇိုင်းနဲ့ ပထမဆုံးအကြိမ် ထုတ်လုပ်ခဲ့တာဖြစ်လို့ပါပဲ။ ဒါဟာ ၂၀၁၈ မိုဒယ်ရဲ့ လူ ငါးယောက်စီး ထိုင်ခုံနှစ်တန်းဒီဇိုင်းနဲ့ လုံးဝ ကွဲပြားသွားတဲ့အချက်လည်း ဖြစ်ပါတယ်။ အင်ဂျင်က မြင်းကောင်ရေ ၂၆၀ အား All-new Direct-Injection Turbocharged (DIT) Subaru Boxer ဓာတ်ဆီအင်ဂျင်ဖြစ်ပြီး ၆ ဒသမ ၉ စက္ကန့်အတွင်း သုညမိုင်ကနေ မိုင် ခြောက်ဆယ်အထိ အရှိန်မြှင့်တင်နိုင်ပါတယ်။

Ascent ၊ Premium ၊ Limited ၊ Touring ဆိုတဲ့ Trim Level အမျိုးမျိုးရရှိနိုင်ပြီး အားလုံးက လေးဘီးယက်စနစ်ဖြစ်ပါတယ်။ ဆီစားနှုန်းက မြို့တွင်း တစ်ဂါလန် ၂၁ မိုင်နှုန်း၊ အဝေးပြေးလမ်းမ တစ်ဂါလန် ၂၇ မိုင်နှုန်းနဲ့ ပျမ်းမျှဆိုရင်တော့ တစ်ဂါလန် ၂၃ မိုင်နှုန်းဖြစ်ပါတယ်။ ၁၉ ဒသမ ၃ ဂါလန်ဆံ့တဲ့ ဆီတိုင်ကီပါဝင်တာကြောင့် ဆီအပြည့်ဖြည့်ထားရင် ဆီမကြာခဏ ဝင်ဖြည့်ရမယ့် ဒုက္ခကနေ ကင်းလွတ်နိုင်ပါတယ်။ SUV ကားတစ်စီးဖြစ်တာကြောင့် High-Strength Steel Body Structure ဖြစ်လို့ တောတောင်ခရီးလမ်းကြမ်းတွေမှာ သက်သက်သာသာ မောင်းနှင်နိုင်ပါတယ်။ ကားဝမ်းဗိုက်နဲ့ မြေပြင်အကြား အကွာအဝေးက ၈ ဒသမ ၇ လက်မရှိပြီး X-Mode ပါဝင်လို့ ဘယ်လမ်းကိုမဆို အန္တရာယ် ကင်းကင်းနဲ့ မောင်းနှင်နိုင်ပါတယ်။ Hill-Descent Control စနစ်ကလည်း ယာဉ်မောင်းနှင်မှုကို တည်ငြိမ်စေသလို ယုံကြည်မှုအပြည့်နဲ့ မောင်းနှင်နိုင်ပါတယ်။

ကားထိုင်ခုံတွေအားလုံးကို အဆင့်မြင့် Leather နဲ့ ချုပ်လုပ်ထားပြီး အလယ်တန်းထိုင်ခုံနှစ်ခုကို တစ်ဆက်တည်းမလုပ်ဘဲ ခြားထားရင် လူ ခုနစ်ဦးလိုက်ပါနိုင်မှာဖြစ်ပါတယ်။ အဲဒီလိုမခြားထားရင်တော့ ရှစ်ဦးအထိ လိုက်ပါနိုင်ပါတယ်။ ထူးခြားမှုက ကားတစ်စီးလုံးမှာ လက်ဖက်ရည်ခွက်နဲ့ ဘူးတွေ၊ ပုလင်းတွေတင်ထားနိုင်တဲ့ Cup and Bottle Holders ၁၉ နေရာအထိ ထည့်သွင်းပေးထားတာပါပဲ။ ဒါကြောင့် လိုက်ပါစီးနင်းသူတွေ အနေနဲ့ ကိုယ့်ရဲ့အနီးအနားမှာတင် လက်ဖက်ရည်၊ ကော်ဖီနဲ့ တခြားသောက်စရာတွေကို အလွယ်တကူ ယူသောက်လို့ ရပါတယ်။ ကားခေါင်မိုးပေါ်မှာ မြင်ကွင်းကျယ် Panoramic Sunroof ပါဝင်ပြီး ရာသီဥတုသာယာချိန်မှာ ကောင်းကင်ကြီးရဲ့ သဘာဝအလှတရားကို ခံစားနိုင်မှာပါ။
Subaru Starlink Entertainment စနစ်က iPad ၊ WiFi ၊ Navigation ၊ FM/AM Radio စတဲ့ သောတနဲ့ စက္ခုအာရုံတွေ ခံစားနိုင်ပါတယ်။ USB Port ရှစ်ခုပါဝင်ပြီး 2 Apple iPad 32 GB WiFi Models ၊ 2 Harman Kardon Bluetooth Headphones ၊ 2 Other Box တွေလည်းပါဝင်တာကြောင့် နောက်ခန်းတွေကနေ လိုက်ပါလာမယ့်သူတွေ အတွက်လည်း အဆင်ပြေစေနိုင်မှာပါ။ Apple CarPlay ၊ Android Auto ၊ All Access Radio စတာတွေကို ဒက်ရှ်ဘုတ်ပေါ်က မျက်နှာပြင် ရှစ်လက်မအကျယ်ရှိတဲ့ Touch Screen ကနေ လက်နဲ့နှိပ်ပြီး ခံစားနိုင်ပါတယ်။

လုံခြုံရေးစနစ်တွေကတော့ Eye Sight Driver Assist Technology ၊ Cruise Control ၊ Pre-Collision Braking System စတဲ့ လုံခြုံစိတ်ချရမှု အပြည့်အဝပေးစွမ်းနိုင်တဲ့စနစ်တွေ ပါဝင်တာကြောင့် ယာဉ် အန္တရာယ်တစ်ခုခုဖြစ်ပြီဆိုရင် အထောက်အကူပြုစေနိုင်ပါတယ်။ ကား အရှေ့ဘက်နဲ့ အနောက်ဘက်တွေမှာ ဂရိတ်အပြည့် LED Steering Responsive Headlights မီးသီးကြီးတွေ ပါဝင်တာကြောင့် ရာသီဥတု ဆိုးရွားနေချိန်တွေမှာ အလင်းရောင်ကောင်းကောင်း ပေးနိုင်ပါတယ်။ ဒါ့ပြင် မျက်နှာချင်းဆိုင်က ကားမီးတွေထိုးရင် အလင်းရောင်ကို အလိုအလျောက် ချိန်ညှိပေးနိုင်တဲ့ High Beam Assist စနစ် ပါဝင်တာကြောင့် လည်း အဆင်ပြေပြေ မောင်းနှင်နိုင်မှာပါ။

Forward Collision Warning with Active Braking စနစ်ပါဝင်တာကြောင့် အနောက်မှာ ဝန်ဆွဲမောင်းနှင်နေတုန်း မတော်တဆ မှုဖြစ်နိုင်ခြေကြုံလာခဲ့ရင် ယာဉ်မောင်းသူကို သတိပေးသလို ဘရိတ်ဖမ်းပြီး ကားကို ရပ်တန့်စေနိုင်ပါတယ်။ ဝန်ဆွဲနိုင်တဲ့ ပမာဏက ပေါင် ငါးထောင်ရှိပြီး Trim Level အလိုက် ပါဝင်တဲ့ Feature တွေနဲ့ ဈေးနှုန်းပမာဏ ကွဲပြားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here