ကလေး၊ စက်တင်ဘာ ၁၅
Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ လာရောက်လိုသူများအနေဖြင့် မိမိနေထိုင်ရာဒေသ၏ နေထိုင်ကြောင်း ထောက်ခံစာနှင့် တိုင်း (သို့) ခရိုင် (သို့) မြို့နယ်အဆင့် တာ၀န်ရှိသူ၏ ခွင့်ပြုချက်စာ (သို့) လာရောက်ရန် ခေါ်ယူကြောင်း အကြောင်းကြားစာ ပါရှိရမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
“ထောက်ခံစာ မပါဘူးဆိုရင် ပြင်ဆင်ထားရှိတဲ့ Community Based Facility Quarantine နေရာတွေမှာ ၁၄ ရက် နေထိုင်ရမယ်၊ Quarantine ကာလအတွင်း ဓာတ်ခဲနမူနာ နှစ်ကြိမ် ရယူစစ်ဆေးရမယ်၊ ရောဂါပိုး မရှိဘူးဆိုမှ၊ Home Quarantine ခုနစ်ရက် နေထိုင်ပြီးမှ သက်ဆိုင်ရာဒေသဆီ သွားရောက်ခွင့်ပြုပေးမယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်။
Stay at Home သတ်မှတ်ထားသော မြို့နယ်များတွင် နေထိုင်သူများအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများမှ လာရောက်ရန် အကြောင်းကြားစာ ရရှိသူများကလည်း သတ်မှတ်ထားသော Community Based Facility Quarantine နေရာတွင် ခုနစ်ရက်နေထိုင်၍ Quarantine ၀င်ရောက်ပြီး နောက်တစ်ရက်တွင်လည်းကောင်း၊ ငါးရက်မြောက်နေ့တွင်လည်းကောင်း နှာခေါင်း၊ အာခေါင် တို့ဖတ်နမူနာ (Swab) ရယူ စစ်ဆေးမှုခံယူစေပြီး ရောဂါပိုးမရှိကြောင်း အဖြေရရှိမှသာ သက်ဆိုင်ရာနေရာဒေသသို့ သွားရောက်ခွင့်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်သည်။
“တကယ်လို့ Covid-19 ရောဂါပိုးမရှိတဲ့မြို့ကနေ လာတယ်ဆိုရင်လည်း Community Based Facility Quarantine နေရာမှာ ခဏတာရက်ပိုင်း နေထိုင်ရမယ်၊ Swab ရယူစစ်ဆေးပြီးလို့ ရောဂါမရှိဘူး အဖြေရရှိမှပဲ သက်ဆိုင်ရာနေရာဒေသဆီ သွားရောက်ခွင့်ပေးမယ်” ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ထပ်မံဆိုသည်။
လက်ရှိတွင် ကလေး၊ စစ်ကိုင်း၊ မြင်းမူ စသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် Covid-19 ရောဂါပိုး တွေ့ရှိထားပြီး ပြည်ပပြန်များကိုလည်း သက်ဆိုင်ရာ Quarantine စင်တာများတွင် စောင့်ကြည့်ကုသမှုများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်အောင်(ကလေးမြို့)