Stay At Home မန္တလေး Covid-19 ထိန်းချုပ်နိုင်မှာလား

86

 

Stay at Home စတင်သတ်မှတ်လိုက်သည့် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်း မှစတင်ကာ မန္တလေးခရိုင် မြို့နယ်ခုနစ်မြို့နယ်တွင် မြို့နယ်အလိုက် ထွေအုပ်၊ နယ်မြေခံရဲ၊ စည်ပင်၊ လဝက၊ ကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ Volunteer အဖွဲ့များ စသည့် အဖွဲ့ပေါင်းစုံပူးပေါင်း၍ အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အပြင် ထွက်သူများကို တစ်မြို့နယ်လျှင် Mobile Team အဖွဲ့ သုံးဖွဲ့ခွဲကာ Check Point ပေါင်း ခြောက်ဆယ်ကျော်၌ နံနက် ၇ နာရီမှ ည ၁၂ နာရီအထိ အလှည့်ကျ အဆိုင်းသုံးဆိုင်းခွဲပြီး စတင်စစ်ဆေးလျက်ရှိသည်။ ထိုသို့ အရေးယူသည့်စီမံချက် မစတင်မီတစ်ရက်အလိုတွင် သက်ဆိုင်ရာ မြို့နယ်အလိုက် ရပ်ကွက်များအတွင်း နေထိုင်သူများအား တစ်အိမ်လျှင် ဈေးဝယ်ထွက်ခွင့်တစ်ကတ်နှုန်း နယ်မြေမှူးများမှတစ်ဆင့် လိုက်လံဝေငှခဲ့သည်။ ဆေးရုံ၊ ဆေးခန်းသွားလာမည့်သူများအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်၍ ဆေးရုံ၊ ဆေးခန်းသွားရန် ကတ်ကို လျှောက်ထားရယူနိုင်ပြီး ခွင့်ပြုလုပ်ငန်းများသည်လည်း ဝန်ထမ်းများအဆင်ပြေစေရန် သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး များတွင် လုပ်ငန်းရှင် ကိုယ်တိုင်၊ သို့မဟုတ် ကုမ္ပဏီပိုင်ရှင်ကိုယ်တိုင် မြို့နယ်အတွင်း ဝင်ထွက်သွားလာခွင့်ကို လျှောက်ထားရယူနိုင်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒီဇင်ဘာ ၂ ရက်ကတည်းက ထုတ်ပြန်ကြေညာခဲ့သည်။
မန္တလေးခရိုင်အတွင်း Covid-19 ပိုးတွေ့လူနာ တွေ့ရှိမှု တစ်နေ့ ထက်တစ်နေ့ ပိုမိုများပြားလာသည့်အတွက် ပြည်သူများအနေဖြင့် ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်အထိ မလိုအပ်လျှင် အပြင်မထွက်ဘဲ Stay at Home နေထိုင်ပေးကြရန်နှင့် လိုက်နာပေးကြရန် လိုအပ်ကြောင်း မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြည်သူ လူထုထံ မေတ္တာရပ်ခံထားသည်။
“မန္တလေးကို ကယ်တင်ဖို့က မန္တလေးသားတွေပဲ လုပ်နိုင်မှာပါ” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ဒီဇင်ဘာ ၆ ရက် ည ၈ နာရီမှ ဒီဇင်ဘာ ၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲစစ်ဆေးမှုအရ ဓာတ်ခွဲအတည်ပြုလူနာ ၁,၂၇၆ ဦးအား မြို့နယ် အလိုက် တွေ့ရှိရမှု အခြေအနေတွင် မန္တလေးတိုင်း မြို့နယ်ပေါင်း ၁၉ မြို့နယ်မှ Covid-19 အအတည်ပြုလူနာ ၃၅၃ ဦး ပါဝင်ခဲ့ပြီး ၎င်းတို့အနက် မန္တလေးခရိုင် မြို့နယ် ခုနစ်မြို့နယ်အတွင်း ပိုးတွေ့ရှိသူမှာ ၃၂၄ ဦး ပါဝင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်များအရ မန္တလေးခရိုင်တွင် တစ်ရက်အတွင်း Covid-19 ပိုးတွေ့လူနာအရေအတွက် အများဆုံးသည် နိုဝင်ဘာ ၂၉ ရက် က ၂၈၁ ဦးဖြင့် အများဆုံးဖြစ်ခဲ့သော်လည်း ဒီဇင်ဘာ ၇ ရက်၌ ၃၂၄ ဦး တွေ့ရှိလိုက်သည့်အတွက် ပိုးကူးစက်မှုအများဆုံး စံချိန်တင်ဖြစ်လာသည်။
မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၈ ရက်အထိ Covid-19 အတည်ပြုလူနာပေါင်း ၇,၈၀ဝ နီးပါးနှင့် သေဆုံးသူ ၈၇ ဦးအထိ ရှိလာ သည့်အနက် မန္တလေးခရိုင်အတွင်း Covid-19 ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ ၄,၁၀ဝ ကျော်နှင့် သေဆုံးသူ ၅၂ ဦး ရှိကာ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့သည် ပိုးကူးစက်ခံရမှု အများဆုံးလည်းဖြစ်သည်။
ယင်းကဲ့သို့ ပိုးတွေ့လူနာ အဆမတန် များပြားလာခြင်းကြောင့် တင်းတင်းကြပ်ကြပ်ကိုင်တွယ်မှ ရတော့မည်ဖြစ်သဖြင့် မန္တလေးခရိုင်တစ်ခုလုံး Stay at Home သတ်မှတ်ကာ မလိုက်နာသူများအား အရေးယူခြင်းဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောဆိုသည်။
“ဒီရောဂါရဲ့ ကြောက်စရာကောင်းပုံက ကိုယ်တစ်ယောက်တည်းကိုပဲ ဖြစ်တာမဟုတ်ပါ၊ ကိုယ်နဲ့ထိစပ်သူအားလုံး ဘယ်လိုအချိန် ဘယ်လိုလုပ် ကူးသွားမှန်းတောင် မသိလိုက်ရဘဲ ကူးသွားတာပါ၊ ကိုယ့်ကြောင့် သူများ ဒုက္ခရောက်နိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းက သူများကိုပါ ကာကွယ်တာဖြစ်လို့ မန္တလေးသူ၊ မန္တလေးသားတွေ ကိုယ့်ဘာသာကိုယ် ကာကွယ်ကြရအောင်ပါ”ဟု ၎င်းက ထပ်မံပြောဆိုသည်။
မန္တလေးခရိုင်တွင် Stay at Home သတ်မှတ်ထားဆဲ ကာလအတွင်း ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ဆိုင်နှင့် သား၊ ငါး၊ အအေးခန်း လုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းများ၊ ရေသန့် ထုတ်လုပ် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ၊ နေ့စဉ် တစ်ကိုယ်ရည်သုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ၊ ဆိပ်ကမ်း ပို့ကုန်/သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဉ်၊ ရေယာဉ်လုပ်ငန်းများ၊ ကုန်းတွင်း ကုန်သေတ္တာစခန်းများနှင့် ကုန်းတွင်း ဆိပ်များ၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက် ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းဆက် သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်လုပ်ငန်းများ လုပ်ကိုင်ခြင်းမပြုရန်လည်း မန္တလေးတိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားသည်။ ထို့ကြောင့် လတ်တလောတွင် လုပ်ငန်း အများစုနှင့် ဆိုင်အများစု ယာယီပိတ်ထားကြရပြီး မြို့တွင်း ယာဉ်သွား ယာဉ်လာများလည်း အလွန်နည်းပါးနေသည်ကို တွေ့ရသည်။
Stay at Home စီမံချက် စတင်ခဲ့သည့် ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ သုံးရက်တာကာလအတွင်း မန္တလေးခရိုင်တွင် အကြောင်းပြချက် ခိုင်လုံမှုမရှိဘဲ အပြင်ထွက်သူ ၄ç၄၀ဝ ကျော်ကို ဒဏ်ငွေကျပ် ငါးထောင် စီပေးဆောင်ခိုင်း၍ ဒဏ်ရိုက်အရေးယူခဲ့ကြောင်း မန္တလေးခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
“တချို့က လမ်းသလားပြီး လျှောက်သွားတာတွေ၊ အလည်သွားတာတွေဆို လက်မခံဘူး၊ တချို့လည်း အိမ်နားမှာ ဝယ်လို့ရနေတဲ့ သာမန်ပစ္စည်းကို အဝေးကြီး လမ်းသလားပြီး သွားဝယ်တာမျိုးတွေကို ကျွန်တော်တို့က ခွင့်မပြုဘူး၊ အဓိကကတော့ တိုင်းဒေသကြီးအစိုးရရဲ့ ရည်ရွယ်ချက်၊ ကျွန်တော်တို့ဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်ကိုက အိမ်မှာပဲနေစေ ချင်တယ်၊ လိုအပ်ရင် ထွက်လို့ရတယ်၊ မလိုအပ်ရင် အိမ်မှာပဲနေစေချင် တယ်”ဟု ချမ်းမြသာစည်မြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ရှင်းပြသည်။
မန္တလေးခရိုင်အတွင်း ဒီဇင်ဘာ ၅ ရက်မှစ၍ လမ်းမကြီးများပေါ် ယာဉ်သွားယာဉ်လာ ရှင်းသွားသော်လည်း ဝင်ထွက်သွားလာခွင့်ကတ် ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံးများတွင် နေ့စဉ် ကတ်ပြားလာလျှောက်သူ လူဦးရေထောင်ချီရှိကာ တစ်ဦးနှင့်တစ်ဦး ခြောက်ပေခြားခြင်းမရှိဘဲ ပူးကပ်စွာ အစုလိုက်အပြုံလိုက်ဖြစ်နေမှုများ ကိုလည်း လူမှုကွန်ရက် Facebook စာမျက်နှာတွင် အများစုဝေဖန်ရေး သားလျက်ရှိသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ “Stay at Home စတဲ့ ပထမသုံးရက် လောက်မှာတော့ လျှောက်တဲ့သူများတာကြောင့် မြို့နယ်ထွေအုပ်ရုံးတိုင်းမှာ လူစုပြုံသွားတယ်၊ အခု လေးရက်မြောက်မှာတော့ ပြည်ကြီးတံခွန် မြို့နယ် ထွေအုပ်ရုံးကလွဲပြီး ကျန်မြို့နယ်ရုံးတွေမှာ လူနည်းသွားပြီပေါ့၊ လူ အစုလိုက် အပြုံလိုက်မဖြစ်တော့ဘူး၊ ပြည်ကြီးတံခွန်ကျတော့ စက်မှုမြို့တော်လို ဖြစ်တော့ လုပ်ငန်းများတယ်၊ အလုပ်သမားများတယ်၊ အဲဒီမှာ ဝင်ထွက် သွားလာခွင့်ကတ် လျှောက်တဲ့သူလည်း တအားများတယ်”ဟု မန္တလေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးခရိုင်အတွင်း Stay at Home စီမံချက်ဟု ခေါ်ဆိုနိုင်သည့် လမ်းမကြီးများပေါ် အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အပြင်ထွက်သွားလာနေ သူများကို စတင်အရေးယူခဲ့သည့် သုံးရက်အတွင်း မြေပြင်စစ်ဆေးရေး အဖွဲ့အချို့၏ အလွဲအချို့ကြောင့် ဝေဖန်မှုအများအပြားလည်း ရှိခဲ့သည်။ ထိုသို့ အဆင်မပြေမှုများဖြင့် ကြုံတွေ့ခဲ့ကြရသူများအနက် ခွင့်ပြုလုပ်ငန်းတွင်ပါဝင်သော်ငြား စားသောက်ဖွယ်ရာများပို့ဆောင်သည့် ဆိုင်ကယ် Delivery သမားများလည်း အပါအဝင်ဖြစ်ခဲ့သည်။ ထို့ပြင် စစ်ဆေးရေး အဖွဲ့အချို့တွင်ပါဝင်သူ လူငယ်အချို့၏ ဆက်ဆံရေးမောက်မာမှုကလည်း ဒေါသထွက်လွယ်သူ လူငယ်ချင်းကြုံတွေ့ပါက ယင်းနေရာမှာတင် ရိုက်ပွဲ ပင်ဖြစ်သွားနိုင်ကြောင်း ချမ်းမြသာစည်မြို့နယ်တွင်နေထိုင်သူ မန္တလေးမြို့ခံ ကိုမင်းမင်းစိုးက ပြောသည်။
မန္တလေးခရိုင် မြို့နယ် ခုနစ်မြို့နယ်အတွင်း Stay at Home သတ်မှတ်ထားဆဲကာလတွင် မြို့နယ်အလိုက် စစ်ဆေးရေးအဖွဲ့များသည် ပြည်သူများနှင့် တိုက်ရိုက်ထိတွေ့ လုပ်ကိုင်နေကြရသည့်အတွက် အမိန့် ဆန်ဆန် ပြောဆိုဆက်ဆံခြင်းမျိုးရှောင်ရှားကာ ယဉ်ကျေးစွာဖြင့် ပြည် သူများနားလည်မှုရှိအောင် ရှင်းပြပြောဆိုကြရန်လည်း မန္တလေးတိုင်း ဒေသကြီး Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်လည်းဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင်က ဌာနဆိုင်ရာများသို့ မှာကြားထားကြောင်း သိရသည်။
“Covid-19 ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ပြုလုပ်တာပါ၊ အိမ်မှာ နှစ်ပတ်လောက် နေလိုက်မယ်ဆိုရင် ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျ စေနိုင်မှာပါ၊ စစ်ဆေးရေးအဖွဲ့တွေဟာ ပြည်သူတွေနဲ့ တိုက်ရိုက်တွေ့ထိ ဆောင်ရွက်တဲ့အခါ ယဉ်ကျေးစွာ ဆက်ဆံရပါမယ်၊ ပြောဆိုတဲ့အခါမှာ ရှင်းလင်းအောင် ပြောဆိုရပါမယ်၊ မလိုလားအပ်တဲ့ ပြဿနာမျိုး မဖြစ်စေချင်ပါဘူး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ပါ” ဟု ဒီဇင်ဘာ ၈ ရက်က မန္တလေးခရိုင်အတွင်း Covid-19 ထိန်းချုပ်နိုင်ရေး အတွက် Zoom Meeting ဖြင့်ပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်သည်။
လက်ရှိတွင် ဈေးဝယ်ခွင့်ကတ်များဖြင့် ဈေးဝယ်ထွက်မှုကိုလည်း ဈေးများ ဖွင့်လှစ်ချိန်ပေးထားသည့် နေ့လယ် ၁၂ နာရီမထိုးမီ ဝယ်ယူထားသင့်ပြီး နေအိမ်နှင့်နီးစပ်ရာတွင် ဈေးဝယ်ခြင်းမျိုးကိုမူ ဈေးဝယ်ခွင့်ကတ်ဖြင့် တစ်နေကုန်ဆောင်ရွက်နိုင်ကြောင်း၊ ထို့ပြင် ခွင့်ပြုလုပ်ငန်းများ၏ လုပ်ငန်းရှင်၊ သို့မဟုတ် ဝန်ထမ်းများအနေဖြင့်လည်း သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီရုံးများမှ ထုတ်ပေးထားသော ဝင်ထွက်သွားလာခွင့်ကတ်ဖြင့် မန္တလေးခရိုင်မြို့နယ် ခုနစ်မြို့နယ်အတွင်း အလုပ်ကိစ္စဖြင့် သွားလာနိုင်သော်လည်း ဘုရားဖူးထွက်ခြင်း၊ အလည်အပတ်ထွက်ခြင်း စသည်တို့ကိုမူ ခွင့်မပြုကြောင်း မန္တလေးခရိုင်အတွင်းရှိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ စုံစမ်းသိရသည်။
“မြို့နယ်တစ်ခု ထွေအုပ်ရုံးက ထုတ်ပေးတဲ့ ဝင်ထွက်ကတ်ရှိရင်ကို မန္တလေးမြို့တွင်း အလုပ်ကိစ္စနဲ့ သွားလာခွင့်ပေးထားပါတယ်၊ တစ်မြို့ နယ်နဲ့ တစ်မြို့နယ်ဆက်နေတော့ တချို့လုပ်ငန်းတွေက မြို့နယ်ကျော် သွားမှ အဆင်ပြေမှာကိုး၊ ဒါကြောင့် အလုပ်ကိစ္စနဲ့ဆို သွားလာခွင့်ပေးတယ်” ဟု ချမ်းမြသာစည်မြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဇေယျာထွန်းက ထပ်မံရှင်းပြသည်။
ယခု NLD အစိုးရလက်ထက် စတင်တာဝန်ယူစဉ်ကတည်းက မန္တလေးမြို့သည် ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ ဦးဆောင်မှုနှင့်အတူ နာမည်ကောင်းများရရှိထားသည်။ လုပ်ငန်းအများစု လုပ်ကိုင်ရာ၌ စီမံခန့်ခွဲမှုကောင်းမှု၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားမှုများကို ဌာနအားလုံးရှိ ဝန်ထမ်းအများစုက တစ်ညီတစ်ညွတ်တည်း လိုက်ပါဆောင်ရွက်ပေးကြမှု၊ မန္တလေးမြို့သူမြို့သားများ၏ ဝန်ကြီးချုပ်နှင့်မြို့တော်ဝန်အပေါ် ချစ်သည့်စိတ်ဖြင့် စည်းကမ်းလိုက်နာကြမှုနှင့် ပူးပေါင်းဆောင်ရွက်ပေးကြမှုစသည်တို့က မန္တလေးမြို့ကို တစ်နိုင်ငံလုံး စံပြနမူနာထားရသည်အထိ ဖြစ်လာသည်မှာ မည်သူမျှ ငြင်းမရပေ။ ယခုလည်း အများစု Semi Lockdown ဟု ခေါ်ဆိုနေသည့် Semi Lockdown စီမံချက်ကို သဘောကျသူ အများစုရှိပြီး Covid-19 ရောဂါ လုံးဝထိန်းချုပ်နိုင်လိမ့်မည်ဟုလည်း မန္တလေးမြို့သူမြို့သားများက ယုံကြည်နေကြသည်။
“မြို့လူထုက ချစ်ကြတဲ့ ဆရာဇော်နဲ့ ဆရာရဲတို့နှစ်ဦး ရှေ့ထွက်ဦး ဆောင်လုပ်ရင် Covid-19 ကို အချိန်တိုအတွင်း အောင်အောင်မြင်မြင် တိုက်ထုတ်နိုင်မယ်လို့ လုံးဝယုံကြည်တယ်” မန္တလေးမြို့ခံ ကိုမင်းမင်းစိုးက ပြောဆိုလိုက်လေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here