Stay at Home ကာလအတွင်း YPS ကတ်များကို g&g ဆိုင်များတွင်သာ ရရှိနိုင်မည်

126

 

ရန်ကုန်၊ စက်တင်ဘာ ၂၂

Covid-19 ရောဂါကူးစက်မှု မြင့်မားနေသည့်အတွက် ရန်ကုန်အတွင်း(ကိုကိုးကျွန်းမြို့နယ်မှအပ) ကျန်မြို့နယ်များအားလုံးကို Stay at Home အဖြစ် သတ်မှတ်ထား​သော​ကြောင့် လုပ်ငန်းအများစုလည်း ခေတ္တရပ်ဆိုင်းထားရမည် ဖြစ်သည်။ ထို့ကြောင့် Asia Starmar Transport Intelligent ကုမ္ပဏီအ​နေဖြင့်လည်း YPS Service Center များနှင့် ဘတ်စ်ကားမှတ်တိုင်များ အနီးရှိ YPS အ​ရောင်းစင်တာများကို ပိတ်ထားမည်ဖြစ်ပြီး ယင်းကာလအတွင်း YPS ကတ်ဝယ်ယူခြင်း၊ ငွေဖြည့်ခြင်းများကို g&g ဆိုင်များတွင်သာ ရရှိမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။

Stay at Home ကာလအတွင်း ပြည်သူလူထု မဖြစ်မနေအသုံးပြုရန် လိုအပ်သည့် လုပ်ငန်းများမှအပ ကျန်လုပ်ငန်းများအားလုံးကို အောက်တိုဘာ ၇ ရက်အထိ ပိတ်ထားရန် ညွန်ကြားထားခြင်းကြောင့် ပိတ်ထားရမည့် လုပ်ငန်းအမျိုးအစားတွင်ပါနေခြင်းနှင့် ဝန်ထမ်းများကို Stay at Home ပြုလုပ်ရန်အတွက် YPS အရောင်းစင်တာများကို အောက်တိုဘာ ၇ ရက်အထိ ပိတ်ထားမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထုတ်ပြန်ချက်အပေါ်မူတည်၍ ပြန်လည် ဖွင့်လှစ်ရန် စီစဉ်မည် ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီမှ သိရသည်။

” လက်ရှိ ရောဂါ ကူးစက်မှု အခြေအနေကလည်း အရမ်းမြင့်မားနေတယ်၊ ခရီးသွားလည်း တော်တော်လေး ကျဆင်းနေတယ်၊ အစိုးရက Stay at Home နေဖို့နဲ့ ပြည်သူ မဖြစ်မနေ အသုံးပြုရမယ့် လုပ်ငန်းတွေပဲ ဖွင့်ရမယ်ဆိုတော့ ဖွင့်ရမယ့် လုပ်ငန်းထဲလည်း မပါသလို ဒီကာလမှာ ဝန်ထမ်းတွေကိုလည်း Stay at Home လုပ်စေချင်တာကြောင့် အစိုးရထုတ်ပြန်ထားတဲ့အတိုင်း အောက်တိုဘာ ၇ ရက်အထိ ပိတ်ထားဖို့စီစဉ်ထားပါတယ်၊ ဖွင့်ဖို့လိုအပ်ရင်လည်း ဖွင့်မှာပါ၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်အပေါ်မူတည်ပြီး ဖွင့်ဖို့ စီစဉ်ထားပါတယ်၊ g&g ဆိုင်တွေက စားသောက်ကုန်လုပ်ငန်းထဲပါပြီး ဖွင့်လို့ရတဲ့အတွက် အဲ့ဒီဆိုင်​တွေမှာ YPS ကတ်တွေ ဝယ်တာ၊ ငွေဖြည့်တာ​​တွေ လုပ်​​ဆောင်နိုင်ပါတယ် ” ဟု Asia Starmar Transport Intelligent ကုမ္ပဏီ၏ CMO ဒေါ်ရီရီခင်က ပြောသည်။

လက်ရှိအချိန်အထိ YPS ကတ်များကို YBS ယာဉ်လိုင်းအတွင်း ယာဉ်အစီး ၁,၂၀၀ ကျော်၌ အသုံးပြုခွင့် ရထားခြင်းဖြစ်သည်။ ထို့ပြင် YBS အစီး နှစ်ရာကျော်တွင်လည်း ထပ်မံအသုံးပြုခွင့် ရရှိထားပြီးဖြစ်သည်။ သို့ရာတွင် Stay at Home ကာလဖြစ်ခြင်း၊ ပြေးဆွဲသည့် ယာဉ်အစီးရေ နည်းပါးနေခြင်းနှင့် ရောဂါကူးစက်မှု မြင့်မားနေခြင်းတို့ကြောင့် လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားရ​သော်လည်း YBS ယာဉ်များတွင် တပ်ဆင်ထားသော YPS စက်များအတွက် လိုအပ်သည့် ဝန်ဆောင်မူများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကြည်ပြာ

LEAVE A REPLY

Please enter your comment!
Please enter your name here