ရန်ကုန်၊ စက်တင်ဘာ ၂၁
Covid-19 ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှု မြင့်မားနေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ(ကိုကိုးကျွန်းမြို့နယ်မှအပ) မြို့နယ်များအားလုံးကို stay at home အဖြစ် သတ်မှတ်ထားသော်လည်း လုပ်ငန်းခွင်သို့ မဖြစ်မနေ သွားလာရမည့် ခရီးသည်များ ရှိနေသောကြောင့် မြို့တွင်းအဓိက သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်သည့် YBS ယာဉ်လိုင်းများ ရပ်နားမည် မဟုတ်ကြောင်း သိရသည်။
Stay at home အစီအစဉ်အတွက် လုပ်ငန်းအများစုကို Work from home စနစ်ဖြင့် ပြုလုပ်ရန်ညွန်ကြားထားသော်လည်း ပြည်သူများ အသုံးပြုရန် မဖြစ်မနေ လိုအပ်သည့်လုပ်ငန်းများတွင် ဝန်ထမ်းများ အလှည့်ကျ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။ ထို့ကြောင့် ယင်းဝန်ထမ်းများနှင့် မဖြစ်မနေသွားလာရမည့် ခရီးသွားများအတွက် YBS ယာဉ်လိုင်းများကို ပုံမှန်အချိန်များအတိုင်း ပြေးဆွဲပေးမည်ဖြစ်ပြီး ခရီးသွားဦးရေ အပေါ်မူတည်ကာ ယာဉ်အစီးရေ ထွက်ရှိမည် ဖြစ်ကြောင်း သိရသည်။
“ဖြစ်နိုင်ရင် ဒီအချိန်မှာ အားလုံး အိမ်ထဲမှာပဲ နေသင့်ပါတယ်၊ တချို့ လုပ်ငန်းခွင်ကို မဖြစ်မနေ သွားလာရမယ့်သူတွေ ရှိနေပါသေးတယ်၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဖြစ်တဲ့အတွက် YBS ယာဉ်လိုင်းတွေ ပြေးဆွဲတာ ရပ်လို့မရပါဘူး၊ ခရီးသည်ဦးရေအပေါ်မူတည်ပြီး ယာဉ်အစီးရေ သတ်မှတ်ပြေးဆွဲပါမယ်၊ ဒီအချိန်မှာ YBS ကုမ္ပဏီတွေက အခက်အခဲတွေကြားထဲကပဲ ခရီးသည်တွေ အဆင်ပြေအောင် ပြေးဆွဲပေးနေပါတယ် ” ဟု YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
Covid-19 ရောဂါကို ကာကွယ်ရန် YBS စီးရာတွင် ခရီးသည်များအနေဖြင့် မဖြစ်မနေ Mask တပ်ရန်လိုအပ်သကဲ့သို့ ယာဉ်လိုင်းများကိုလည်း နေ့စဉ်ပိုးသတ်ဆေးဖျန်းခြင်းများ လုပ်ဆောင်ရန် ညွန်ကြားထားကြောင်း သိရသည်။
Covid-19 ကာလမတိုင်မီက YBS စီးခရီးသည် နေ့စဉ် ၁ ဒသမ ၉ သန်းရှိခဲ့ပြီး Covid-19 ရောဂါ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့် ယခုနှစ် မတ်လမှစပြီး ခရီးသွားဦးရေ များစွာကျဆင်းခဲ့ရာ ဇူလိုင်လတွင် YBS စီးခရီးသည် ၁ ဒသမ ၁ သန်းကျော် ပြန်လည်ရရှိခဲ့သည်။ ယခုအခါ Covid-19 ဒုတိယလှိုင်း စတင်ခဲ့သည့်အတွက် ခရီးသည်ပြန်လည်ကျဆင်းလာခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် မြို့တွင်း ခရီးသည် နှစ်သိန်းကျော်ရှိပြီး YBS ယာဥ် အစီး တစ်ထောင်ကျော်ဖြင့် ပြေးဆွဲပေးနေခြင်း ဖြစ်သည်။
ကြည်ပြာ
ဓါတ်ပုံ- ဆန်းအောင်