Star Sky  ကုမ္ပဏီထုတ် ၂ဝ၁၇  မိုဒယ် အိပ်ဇောလေးလုံးပါ   ဆိုင်ကယ်များ   ထွက်ရှိ

1487

ပြည်တွင်းသို့ ဝင်ရောက်နေသော တရုတ်ဆိုင်ကယ်ကုမ္ပဏီများအနက် တစ်နှစ်အာမခံပေးသည့် ဆိုင်ကယ် များတွင် တစ်ခုအပါအဝင်ဖြစ်သော Star Sky ကုမ္ပဏီမှ ၂ဝ၁၇ မိုဒယ် သစ်အဖြစ် အိပ်ဇော လေးလုံးပါ CZI ၊ MSX ဆိုင်ကယ်နှစ်မျိုးကို စက်တင်ဘာလ ပထမပတ်မှစ၍ ပြည်တွင်းစျေးကွက်အတွင်းသို့ စတင် ဖြန့်ချိလိုက်ကြောင်း သိရသည်။

” CZI မှာ အရင်တုန်းက ထွက်ခဲ့တာတွေက အိပ်ဇောတစ်လုံးတည်း ရှိမယ်၊ အိပ်ဇော နှစ်လုံးပါရှိမယ်၊ အခုကျတော့ CZI-12 အမျိုးအစားကို အိပ်ဇောလေးလုံးနဲ့ ပထမဦးဆုံး စထုတ်လိုက်တယ်၊ အဲဒီလိုပဲ MSX ဆိုင်ကယ်ဆိုလည်း အရင် MSX ဘီးတွေထက် အမြင့်နဲ့ အလျား သုံးစင်တီမီတာစီ ပိုရှည်လာမယ်၊ ဖန်စီပစ္စည်းလေးတွေ ပိုပါလာမယ်၊ အရင်က အိပ်ဇောတစ်လုံးတည်းနဲ့ပဲ ထုတ်ခဲ့တာကို အခုအိပ်ဇောလေးလုံးနဲ့ မိုဒယ်သစ်အဖြစ် ပုံစံပြောင်းထုတ်ထားပါတယ်”ဟု မန္တလေးမြို့ ‘ Star Sky ဆိုင်ကယ်ကုမ္ပဏီ’မှ အရောင်း တာဝန်ခံ မစိုးစိုးက ပြောသည်။

Star Sky ကုမ္ပဏီထုတ် ၂ဝ၁၇ မိုဒယ်သစ် အိပ်ဇောလေးလုံးပါ MSX ဆိုင်ကယ်တွင် မည်သည့် Brand မှ ထုတ်လုပ်ထားခြင်း မရှိသေးသော ရှေ့ဘီးခွေ အဖုံး၌ အပြာရောင်ဖန်စီမီးသီးနှစ်လုံး တပ်ဆင်ပေးထားပြီး ရှေ့မီးကြီးကိုလည်း မြင်ကွင်းရှင်းလင်းစေရန် LED မီးသီးများ တပ်ဆင်အသုံးပြုထားကြောင်း၊ ထို့ပြင် နောက်ကြည့်မှန်ကိုလည်း တြိဂံပုံ ဖန်စီမှန် အသုံးပြုထားပြီး စိတ်ကြိုက် ကွေးကောက်နိုင်ရန် ဖန်တီးထုတ်လုပ်ထားကြောင်း မန္တလေးမြို့ Star Sky ဆိုင်ကယ် ကုမ္ပဏီမှ သိရသည်။

”ရှေ့မီးကြီးအပြင် ရှေ့ဘီးအ ပေါ်မှာပါ ဖန်စီမီးသီးနှစ်လုံးထပ်တပ် ပေးထားတော့ ချိုင့်ခွက်တွေရဲ့ အတိမ်အနက်ကို အလွယ်တကူမြင်နိုင်သလို လမ်းမကောင်းလို့ ဆိုင်ကယ်ချော်မှာတွေ မစိုးရိမ်ရတော့ဘူးပေါ့၊ အခု MSX ဘီးမှာက ဖင်ထိုင်ခုံဆိုလည်း သားရေအစစ်ကို သုံးထားတော့ ဆိုင်ကယ်စီးတဲ့နေရာမှာငြိမ့် ညောင်းမှုရှိမယ်၊ ပြီးတော့ ဆေးသားကအစ Auto ဘီးတွေမှာသုံးတဲ့ နေပူ၊ မိုးရွာ ဘယ်လောက်သွားသွား အလွယ်တကူ ဆေးသားပျံ့လွင့်မှုမရှိတဲ့ ဆေးသားအကောင်းစားတွေ အသုံးပြုထားပေးပါတယ်”ဟု ယင်း ကုမ္ပဏီမှ မစိုးစိုးက ထပ်မံဆိုသည်။

၂ဝ၁၇ မိုဒယ်သစ် MSX နှင့် CZI ဆိုင်ကယ်အမျိုးအစား နှစ်မျိုးစလုံး အိပ်ဇောလေးလုံးအသုံးပြု ထားခြင်းကြောင့် အင်ဂျင်ရုန်းအား/ ဆွဲအားကို ပိုမိုကောင်းမွန်စေမည် ဖြစ်ပြီး အရောင်အနေဖြင့်လည်း MSX ဆိုင်ကယ်တွင် ဖြူနက်၊ စိမ်း နက်၊ နက်နီ၊ ဇီးအရောင်များနှင့် CZI-12 ဆိုင်ကယ်ကို အစိမ်း၊ ဇီး၊ နက်စိမ်းအရောင်များဖြင့် ထုတ်လုပ်ထားကာ အင်ဂျင် တစ်နှစ်အာမခံ ပေးထားကြောင်း Star Sky ကုမ္ပဏီမှ ထပ်မံသိရသည်။ အိပ်ဇော လေးလုံးပါ MSX ဆိုင်ကယ်ကို ကျပ် ၉၃ဝ,ဝဝဝ၊ CZI-12 ကို ကျပ် ခြောက်သိန်းတို့ဖြင့် ရောင်းချပေးလျက်ရှိသည်။

 

ကျော်ကျော်အောင်(ကလေးမြို့)

LEAVE A REPLY

Please enter your comment!
Please enter your name here